ပုလဲမြို့နယ် အိုင်ရောင်းရွာက နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီး
2024.04.17

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်ရောင်းရွာမှာ ဧပြီလ ၁၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၁၁၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ နေ့လယ် ၁၂ နာရီကနေ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ညနေ ၆ နာရီအထိ မီးမငြှိမ်းသတ်နိုင်တဲ့အတွက် နေအိမ်တွေအပြင် သိုလှောင်ထားတဲ့ စပါး၊ ပဲ၊ ဂျုံနဲ့ ကြက်သွန် အများအပြားလည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
ရွာမှာရှိတဲ့ အကြော်တဲတစ်လုံးမှာ မီးမတော်တဆလောင်ကျွမ်းရာကနေ တစ်ရွာလုံးနီးပါး မီးလောင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အိုင်ရောင်းဖြစ်စဉ်က အကြော်တဲကနေ စဖြစ်တယ်လို့ သိရတယ်၊ အိမ်တွေ တော်တော်များများကို ဆုံးရှုံးသွားပါတယ်၊ အိမ်ခြေက ၁၁၅ လုံးလောင်သွားတယ်"
နေအိမ်ဆုံးရှုံးသွားတဲ့ မီးဘေးသင့်သူတွေ စားသောက်နေထိုင်ရေး၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ အခက်အခဲဖြစ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
မတ်လ ၂၂ ရက်နေ့ကတော့ မကွေးတိုင်း မင်းတုန်းမြို့နယ် မှန်ရွာမှာ တောမီးကနေ ရွာကို မီးကူးစက် လောင်ကျွမ်းတာကြောင့် နေအိမ် ၁၅၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် ၄၀ အရွယ် အဘွားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။