ပုလဲမြို့နယ်မှာ ဒေသခံ တစ်ဦးအသတ်ခံရပြီး ဖမ်းဆီးခံရသူ ငါးဦး ပျောက်ဆုံးနေဆဲ
2023.10.16

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်ကနေ ၁၄ ရက်နေ့အထိ ဆယ်ရက်ကြာ စစ်ကြောင်းထိုးခဲ့မှုအတွင်း အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး အမျိုးသားငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သတ်ဖြတ်ခံရသူဟာ ပုလဲမြို့နယ်၊ ကံကြီးရွာကဖြစ်ပြီး အဲဒီရွာကပဲ အသက် ၄၀ အရွယ် အမျိုးသားနှစ်ဦး၊ ကြာစီရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသားနှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့သူတွေ အခုထိ လွတ်မြောက်လာတာ မရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဇော်ထက်က RFA ကို ပြောပါတယ်။
"ဖမ်းဆီးခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး အခုထိ လွတ်မြောက်လာတာ မရှိသလို၊ ဘာသတင်းအစအနမှ မကြားရသေးပါဘူး။ ဖမ်းဆီးခံရတဲ့သူအချို့ကလည်း တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ကြပေမယ့် မရှောင်မိလို့ ဖမ်းဆီးခံရတာလည်း ပါတယ်။ ဒါကြောင့် ကိုယ်နဲ့နီးစပ်ရာမှာ စစ်ကြောင်းထိုးပြီဆိုရင် မဖြစ်မနေ ရှောင်ဖို့လိုသလို၊ စစ်ကြောင်းအယောင်ပြ ထွက်သွားတာကိုလည်း သတိထားပြီးမှ ရွာထဲပြန်ဝင်ဖို့လိုပါတယ်"
အဲဒီဆယ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှာ မော်တော်ယာဥ် ၁၈ စီးနဲ့ စစ်အင်အားတစ်ရာကျော်အပြင် ပျူစောထီးရွာတွေက အင်အားငါးဆယ်ခန့်ပါ ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အဲဒီစစ်ကြောင်းဟာ ပုလဲကနေပြန်ထွက်ပြီးနောက် အောက်တိုဘာလ ၁၄ ရက်ကစပြီး ယင်းမာပင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်သွားသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ယင်းမာပင်မြို့နယ် အထဲမှာရှိတဲ့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်အင်အား ရှစ်ဆယ်ခန့်က စစ်ကြောင်းသုံးဖွဲ့နဲ့ စစ်ကြောင်းထိုးနေတာပါ။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေတော့ ဖြစ်နေပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ယင်းမာပင်မြို့နယ်ထဲက နီးစပ်ရာဆယ်ရွာက ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပါတယ်"
ဒါ့အပြင် အောက်တိုဘာ ၁၆ ဒီနေ့မနက် ၁၀ နာရီခန့်ကလည်း စစ်ကောင်စီတပ်သားတွေ ဟာ ယင်းမာပင်မြို့နယ် ဆင်တဲရွာထဲက သမဝါယမဆိုင်အဟောင်းကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။