ပုလဲမြို့နယ်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်သောင်းခွဲကျော် ထွက်ပြေးနေရ

RFA Burmese
2023.10.10
ပုလဲမြို့နယ်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်သောင်းခွဲကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်လမ်းတစ်လျှောက်က ရွာတွေကို အင်အားသုံးရာကျော်ပါ စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တဲ့အပြင် စားနပ် ရိက္ခာနဲ့ ပစ္စည်းတွေပါ ယူနေတာကြောင့် ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးနေကြ ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နှောကန်၊ လက်ပုကန်၊ ကုက္ကိုကုန်း၊ စေတီယုံ၊ မြကုန်း၊ အလယ်ဘုံ၊ လက်တောင်းကြီး၊ လက်တောင်းငယ်နဲ့ သရက်ကန် စုစုပေါင်းကိုးရွာက ဒေသခံတစ်သောင်းခွဲကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၅ ရက်ကစပြီး ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက် ဒီနေ့မှာတော့ ပုလဲမြို့ပေါ် စာသင်ကျောင်းနဲ့ ပြည်သူ့ဆေးရုံမှာ ယာယီတပ်စွဲထား တယ်လို့ ဆိုပါတယ်။

အိမ်ခြေနှစ်ရာရှိတဲ့ ကုက္ကိုကုန်းရွာကိုလည်း စစ်ကောင်စီတပ်သားတွေ အများဆုံးဖျက်ဆီး သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

“အဓိကတော့ လမ်းဘေးရွာတွေ မွှေတာများတယ်။ ရှိသမျှပစ္စည်းတွေယူတယ်။ ကလေးဆော့စရာ အရုပ်တွေ ကအစ အကုန်ယူတယ်။ ကလေးအဝတ်အစားတွေရော။ ရွှေတွေ၊ ငွေတွေ တော်တော်များများပါတယ်။ ကုက္ကိုကုန်းက တော်တော်များများ ပါတယ်။ ကုက္ကိုကုန်းကို မနေ့က ၁၀ နာရီခွဲလောက် ဝင်တာဗျ။ အခု ဒီရွာတွေကတော့ တချို့ပြန်ဝင်တာတွေရှိပေမယ့် အများစုက စောင့်ကြည့်နေတုန်း၊ မဝင်ရဲသေးဘူး”

အဲဒီစစ်ကြောင်းက ဆားလင်းကြီးမြို့နယ်ဘက်နေ စစ်ကား ၁၇ စီး၊ အင်အားသုံးရာကျော်နဲ့ ရွာတွေကိုလှည့်ပတ် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပျူစောထီးအားကောင်းတဲ့ ပုလဲမြို့နယ်ထဲက အင်မထီးနဲ့ ဇီးဖြူကုန်းရွာအတွက်ပါ စားနပ်ရိက္ခာအဖြစ် လမ်းတစ်လျှောက်ရွာတွေထဲ မွှေနှောက်ယူဆောင်သွားတာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီစစ်ကြောင်းကို လမ်းတစ်လျှောက် ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပေမယ့် နယ်မြေ အခြေအနေအရ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဒေါက်တာနန်းဝင်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မနေ့က မိုင်းဆွဲတာတွေ၊ ဒရုန်းနဲ့ချတာတွေက ထိခိုက်ဒဏ်ရာရတာ ရှိတယ်ထင်တယ်။ ဒီနေ့မှာ သူတို့ အတွင်းထဲမှာ အသုဘချတယ်။ အဲဒါကြောင့် သူတို့ စစ်ကြောင်းမထွက်နိုင်သေးတဲ့ သဘောလို့ ယူဆတယ်။ မထွက်သေးဘူး ပုလဲမှာပဲ။ စစ်ကြောင်းနဲ့ ဝေးတဲ့ရွာတချို့ကတော့ ပြည်သူတွေ ရွာထဲပြန်ဝင်တာရှိတယ်။ စစ်ကြောင်းက ပုလဲကနေ ဘယ်ဘက်တက်မလဲမသိတော့ သူတို့ထွက်နိုင်တဲ့ လမ်းကြောင်းက ရွာတွေက ပြည်သူ တွေကိုတော့ စိုးရိမ်တာနဲ့ ထုတ်ထားပါပြီ”

ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပြီလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။