ပုလဲမှာ တိုက်ပွဲကြောင့် ဒေသခံလေးထောင်ကျော် ထွက်ပြေးရ
2023.04.03

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဧပြီလ ၂ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကြောင့် ရွာခြောက်ရွာက ဒေသခံလေးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့နယ် နှောကန်ရွာအနီးမှာ ဧပြီလ ၂ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီရွာအပါအဝင် ကျောက်ဖျာကန်ရွာ၊ အင်းကန်ရွာ၊ ငှက်ပျောတောရွာ၊ ကျေးနင်းရွာနဲ့ ဆင်ရှင်ရွာပါ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ နှောကန်ရွာကို အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်ရောက်လာပြီး နေအိမ် တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
"ထွက်ပြေးနေရတယ်။ နှောကန်မှာ မီးရှို့ခံရတာ အိမ် ခုနစ်လုံးပဲကျန်တယ်။ တိုက်ပွဲ ဖြစ်တယ်၊ တိုက်ပွဲဖြစ်ပြီး ရွာကိုမီးရှို့တာဗျ"
နှောကန်ရွာဟာ အရင်က အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ရွာဖြစ်ပြီး ဧပြီလ ၂ ရက်နေ့အပါအဝင် ဒီမတိုင်ခင်ကတည်းက ရွာကို မီးရှို့ခံရတာတွေကြောင့် လက်ရှိအိမ် ခုနစ်လုံးသာ ကျန်တော့ တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘယ်တပ်လဲဆိုတာ မခွဲခြားနိုင်သေး ပေမယ့် စစ်သားနဲ့ ပျူစောထီး အင်အား ၂၀၀ ပါ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ တပ်စွဲထား တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ဒီအခြေအနေကို သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကိုလည်း RFA က ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အရပ်သား နေအိမ်တွေကို မီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုဖူးပါတယ်။
သုတေသနအဖွဲ့ Data For Myanmar ရဲ့ မတ်လ ၁၉ ရက်နေ့အထိ စာရင်းတွေအရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ နေအိမ် ၂၆၅၆ လုံး မီးလောင်ပျက်စီးခဲ့ပါပြီ။