ပလက်ဝတိုက်ပွဲမှာ အရပ်သား နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

ဖြူဖြူခိုင်၊ ဝေယံမိုးမြင့်
2020.03.10

တပ်မတော်က လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီဝုန်းရွာထဲကို မတ် ၉ ရက် မနေ့က လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ညနေ ၅ နာရီခွဲလောက်မှာ ပလက်ဝမြို့နယ် ပွီဝုန်းရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နှစ်ယောက် သေသွားတယ်လို့ ရွာခံတစ်ယောက်က RFA ကို ဒီမနက်မှာ ပြောပါတယ်။

"ဒဏ်ရာရသူ လေးဦး၊ သေဆုံးသူ နှစ်ဦးရယ်။ ဘယ်လိုသေဆုံးခဲ့တာလဲဆိုတော့ လေယာဉ်နဲ့ပစ်ချတာပဲ သိတာ။ ရွာကိုပဲ ပစ်ချသွားတာပဲ။ သူတို့က တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့က လေယာဉ်နဲ့လာပြီး ရွာကိုပဲပစ်ချတာ"

တောင်ယာကို မှီခိုအားထားလုပ်ကိုင်တဲ့ အဲဒီရွာမှာ အိမ်ခြေ ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။ မနေ့ကကျတဲ့ လက်နက်ကြီး ကြောင့် နေအိမ် ၁၅ လုံးအပြင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့  ရွာခံက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ အဲဒီရွာတဝိုက် တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော်လာပါပြီ။

မနေ့က မတ် ၉ ရက်နေ့ကပဲ မင်းပြားမြို့နယ် ဖားပြိုရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား ၅ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဖားပြိုရွာခံတစ်ယောက်က RFA ကို ပြောပါတယ်။

“လက်နက်ကြီးတွေက ဒီရွာမှာကျပြီးတော့ တစ်ရွာလုံးလိုလိုကျတယ်။ အိမ်ကတော့ ၁၀ လုံး မီးလောင်သွား တယ်။ လူကတော့ ငါးယောက် ဒဏ်ရာရသွားတယ်။ ရွာမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ကျန်တဲ့ အိမ်တွေလည်း လက်နက်ကြီးကျလို့ အကုန်ပျက်စီးသွားတယ်။"

ဒဏ်ရာရသွားတဲ့ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ဟာ မင်းပြားဆေးရုံကို ရောက်ရှိနေပါပြီ။။ ဒီလိုတိုက်ပွဲဖြစ်တိုင်း ရွာကို ထိခိုက်နေတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ချိန်မှာသိရသလောက်က တပ်မတော်ဘက်ကပစ်တာပဲ တွေ့ရတယ်။ တပ်မတော်က ပြောတာ ကတော့ ခင်ဗျားတို့ရွာထဲကပစ်လို့ ငါတို့ပစ်ရတယ်ဆိုပြီး ပြောတယ်။ ရွာထဲမှာကျည်ကျတာကတော့ တိုက်ပွဲဖြစ်တိုင်း ကျည်ကျတယ်။"

မနေ့က မင်းပြားနဲ့ ပလက်ဝမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

“မတ်လ ၉ ရက်မှာ ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ် ဗျူဟာကုန်းပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာရှိတယ်။ ဗျူဟာကုန်းကို ထိုးဖောက်ပြီးတော့ စစ်ကူပို့ဖို့ ကြိုးစားနေတဲ့ တပ်မတော် စစ်ကြောင်းတွေနဲ့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာရှိတယ်။ မြန်မာစစ်တပ်က ရဟတ်ယာဉ် သုံးစီး၊ ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ တစ်ပြိုင်နက်တည်း လာရောက်ပြီး ပစ်တာတွေရှိတယ်”

လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတယ်ဆိုတဲ့ ဒေသခံတွေရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ထိရောက်တဲ့ စစ်ဆင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ ရှိမှာပဲလို့ တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့လုပ်နေတာက ထိရောက်မှုရှိတဲ့ သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးဖြစ်တယ်။ ထိရောက်မှု ရှိတဲ့ သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးမှာ ထိရောက်နိုင်တဲ့အင်အား၊ ထိရောက်နိုင်တဲ့လက်နက် သုံးမှာဖြစ်တယ်။ သောင်းကျန်းမှုနှိမ်နင်းရေးဖြစ်လို့ ဘယ်ဟာမသုံးရဘူး၊ ဘယ်ဟာသုံးရမယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပါဘူး။ ရွာနားမှာ တိုက်ပွဲမဖြစ်ရင် အရပ်သားသေစရာအကြောင်းမရှိဘူး။ ရွာနားမှာ တိုက်ပွဲ ဖြစ်ရင်တော့ အရပ်သား သေမှာပဲလေ။ သေတာနဲ့ပတ်သက်ပြီး ရွာနားမှာ ဘယ်သူက တိုက်နေတာလဲ ဆိုတာ ခင်ဗျားတို့လည်း အသိပဲ"

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ ကာလတစ်လျှောက်မှာ အရပ်သားတွေကို မထိခိုက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ရော၊ AA အဖွဲ့ကိုပါ နိုင်ငံတကာက ထောက်ပြပြောဆိုနေပေမယ့် ထိခိုက်သေဆုံးတဲ့ အရပ်သား အရေအတွက်က တိုးလာနေတုန်းပါပဲ။

အရပ်သား သေဆုံးမှုတွေအတွက် တာဝန်ရှိသူကို တိတိကျကျ စုံစမ်းဖော်ထုတ်ဖို့လိုနေပြီလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က တောင်းဆိုလိုက်ပါတယ်။

“ဒေသခံတွေ ဒဏ်ရာရနေတာ၊ သေနေတာတွေဟာ ဘယ်သူ့ကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျဖော်ထုတ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီလိုတိတိကျကျ ဖော်ထုတ်မယ်ဆိုရင်လည်း တာဝန်ရှိတဲ့အစိုးရအနေနဲ့ ဒီနေရာမှာ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းတစ်ခုခုကို ကြားခံပြီးတော့ ဖွဲ့စည်းပေးစေချင်တယ်။ အဲဒါမှပဲ အဖြစ်မှန်တစ်ခုကို ဖော်ထုတ်ပေးနိုင်မယ်လို့ ပြောချင်တယ်။"

ရခိုင်ဒေသမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကာလ တစ်နှစ်ကျော်လာနေသလို တစ်ဘက်နဲ့တစ်ဘက် သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေလည်း ရှိနေပါတယ်။

မြောက်ဦးမြို့နယ် မြောင်းဘွေချေနဲ့ ဘူးတစ်လုံးကျေးရွာက ဒေသခံ ၁၄ ဦးဟာ တပ်မတော်ရဲ့ ဖမ်းဆီး အမှုဖွင့်တာကို ခံနေရပါတယ်။ မတ်လ ၃ ရက်နေ့က အမှုဖွင့်လိုက်တာဖြစ်ပြီး စစ်ဆေးနေတုန်းပဲဖြစ်လို့ ဘာပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာ အသေးစိတ်မပြောနိုင်သေးဘူးလို့ မြောက်ဦးမြို့မ ရဲစခန်းမှူး ခင်မောင်စိုးက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြောင်းဘွေချေကျေးရွာအနီး တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦးကို ဖမ်းမိထားတယ်လို့ တပ်မတော်က သတင်းထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ အမှုဖွင့်ခံထားရတဲ့ အရပ်သား ၅၀၀ ကျော် ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၉ရက်နေ့က တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး သုံးရက်အတွင်း အရပ်သား ၁၁ ယောက် သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရရှိမှုတွေအတွက် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဘက်လုံးက တာဝန်ယူမှုမရှိဘဲ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲနေသလို နှစ်ဘက် သံသယနဲ့ ဖမ်းဆီးစစ်ဆေး နေတာကြောင့်လည်း အရပ်သားတွေ မြေစာပင်ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။