ပလက်ဝ ဒေသခံ ၁၄ ဦးကို AA ဖမ်းဆီးထားကြောင်း ခူမီးအဖွဲ့ ပြော

RFA Burmese
2024.10.02
ပလက်ဝ ဒေသခံ ၁၄ ဦးကို AA ဖမ်းဆီးထားကြောင်း ခူမီးအဖွဲ့ ပြော လောင်တလိုင်ခရိုင်၊ ကာကီဆွာ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသော ပလက်ဝ ဒေသခံများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Paletwa IDPs and Humanitarian Supporting Photo

ချင်းပြည်နယ်တောင်ပိုင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်က ဒေသခံ ၁၄ ဦးကို AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ AA တပ်ဖွဲ့ဝင် တစ်ဦးကို ရိုက်နှက်တယ်လို့ စွပ်စွဲခံရသူ လေးဦးနဲ့ ချင်းဒေသကာကွယ်ရေး CDF ပလက်ဝကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရသူ ဆယ်ဦး စုစုပေါင်း ၁၄ ဦး ဖြစ်တယ်လို့ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်ကို ရိုက်နှက်တယ်လို့ စွပ်စွဲခံရသူတွေဟာ ပလက်ဝမြို့နယ် အောက်ဘလိုင်ရွာက ဦးစွန်းအောင်၊ ဦးခင်ကျော် ၊ ဦးကာပန်၊ ဦးဟွေ့ကို တို့ဖြစ်ပြီး သူတို့ကို AA က ရိုက်နှက်ပြီး နောက်ပြန်ကြိုးတုပ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတာလို့ ခူမီးအဖွဲ့က ပြောပါတယ်၊။

ဒီဖြစ်ရပ်ဟာ မှားယွင်းပြီး သဲမဝချောင်းရွာအနီးမှာ မေ့လဲနေတဲ့ AA တပ်ဖွဲ့၀င် တစ်ဦးကို ရွာသားတွေက ပလက်ဝမြို့ပေါ်က ဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ CDF ပလက်ဝကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ပလက်ဝမြို့နယ် ငရှားရွာက ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်၊ ဦးယက်ရယ် (Yeh Ray)၊ ချင်းဒေါက်ရွာက ဦးနန်းဘဲ၊ ဦးကျော်လှအောင်၊ ရေချမ်းသာရွာက သုံးဦး စုစုပေါင်း ၁၀ ဦးကို စက်တင်ဘာ ၁၇ ရက်နေ့မှာ AA တပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA ဖမ်းဆီးထားတဲ့ ဒေသခံ ၁၄ ဦးဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးသလို ထိန်းသိမ်းထားတဲ့နေရာကိုလည်း မသိရဘူးလို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ AA တပ်ဖွဲ့ဝင်တွေက ဒေသခံ ခူမီးချင်းတွေကို သေချာစစ်ဆေးမှုတွေ မလုပ်ပဲ ရိုက်နှက်၊ ဖမ်းဆီးတာတွေ မကြာခဏ လုပ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) ဥက္ကဋ္ဌ ဆလိုင်းရာခက RFA ကို ပြောပါတယ်။

"ဒါတွေက မြေပြင်မှာ တကယ်ဖြစ်တာပါ။ ဒါတွေက၊ အခုအဖမ်းခံရတဲ့ သူတွေဟာ CDF paletwa နဲ့ CNA ကို ထောက်ပံ့တယ် အဆက်သွယ်လုပ်တယ်ဆိုပြီး ဖမ်းဆီးတာဖြစ်တယ်။ တကယ်တော့ စစ်ကောင်စီ ကင်းစင်သွားတဲ့နေရာမှာ ဒေသခံတွေကပိုပြီး လွတ်လွတ်လပ်လပ် နေခွင့်ရသင့်တယ်"

RFA အနေနဲ့ ပလက်ဝဒေသခံ ခူမီချင်းလူမျိုးတွေ AA ကဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီးတော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အာရက္ခတပ်တော် AA က ချင်းလူမျိုးများအပေါ် လေးစားမှုကင်းမဲ့စွာ ဆက်ဆံတာဟာ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးတို့အကြား မလိုလားအပ်တဲ့ လူမျိုးရေးပြဿာနာ ပိုမိုကြီးထွားအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။