သေဆုံးဒဏ်ရာရသူတွေအတွက် တောင်းပန်ဖို့ တပ်ကို ချင်းပါတီ တောင်းဆို

ဖြူဖြူခိုင်
2020.03.17

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို စစ်ဆေးအရေးယူပြီး တရားဝင်တောင်းပန်ဖို့ လိုတယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဆလိုင်းပီပီက ပြောပါတယ်။

“ပြည်သူတွေက အေးအေးချမ်းချမ်းနဲ့ တောင်ယာတွေ လုပ်ကိုင်စားသောက်နေချိန်မှာ မမျှော်လင့်ဘဲ ဒီလိုတိုက် ခိုက်တဲ့အချိန်မှာ သေကျေပျက်စီးမှုတွေ အိုးအိမ်ပျက်ဆီးမှုတွေ စစ်ဒုက္ခသည်တွေ အများကြီးဖြစ်လာတဲ့အခါမှာ ဒါဟာပြည်သူတွေရဲ့ ရင်ထဲမှာ တကယ်ကို တပ်မတော်အပေါ်မှာ နာကြည်းသွားတာပေါ့နော်။ အဲဒီနာကြည်း နေတာကို တပ်မတော်အနေနဲ့ ပြန်တောင်းပန်မယ်။ နှစ်သိမ့်မယ်ဆိုရင် ပြည်သူတွေက အများစုနားလည်ပေးနိုင် မယ်လို့ မျှော်လင့်တဲ့အတွက် ပြန်တောင်းပန်ဖို့ ဒီလိုထုတ်ပြန်ခြင်းဖြစ်တယ်။ အခုကျွန်တော်တို့ဖော်ပြတဲ့ ရွာ ငါးရွာဟာ အရင်တိုက်ပွဲမဖြစ်ဘူး။ တပ်မတော်က ပစ်ချလိုက်လို့ တပ်မတော်လို့ ဖော်ပြခြင်းဖြစ်တယ်။ တကယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာဆိုရင် နှစ်ဖက်လုံးဖော်ပြဖို့လိုတယ်။ ဒါကို ကျွန်တော်တို့ နားလည်တယ်။ အခုက တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး။"

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝမြို့နယ် ရွာ ငါးရွာက အရပ်သား စုစုပေါင်း ၂၁ ယောက်သေဆုံးခဲ့ပြီး ၂၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက စိုးရိမ်ရသူ သုံးယောက်ကတော့ မန္တလေးဆေးရုံကြီးမှာပါ။

အရပ်သား သေဆုံးနစ်နာမှုတွေအတွက် တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်တယ်လို့ ပလက်ဝမြို့ခံ ကိုပီတာလွယ်လူးက ပြောပါတယ်။

“ပြည်သူတွေက ဘာမှမလုပ်ဘူး။ သူ့ရွာမှာသူ အေးဆေးနေနေတာ။ ဘာအကြောင်းကြောင့်နဲ့ ပစ်တာပဲဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေ သေကြေရတယ်။ ဒဏ်ရာရတဲ့သူတွေရှိတယ်ဆိုတော့ ကျန်ခဲ့တဲ့မိသားစုတွေလည်း ငိုကြွေး နေရတာပဲလေ။ တပ်မတော်အနေနဲ့ သူတို့ရဲ့တာဝန်ယူမှု တာဝန်ခံမှုနဲ့ လျော်ကြေးနဲ့ နစ်နာကြေးတွေ ပေးသင့် တယ်။ မိသားစုတွေအတွက် နှစ်သိမ့်မှုတွေ ပေးသင့်တယ်။"

သေဆုံးသူ၊ ဒဏ်ရာရသူတွေ ရှိခဲ့တဲ့အပေါ် တာဝန်မကင်းဘူးဆိုတာကို တပ်မတော်က လက်ခံပေမယ့် လေကြောင်း တိုက်ခိုက်မှုတွေ ရှိလာတာ ရက္ခိုင့်တပ်တော် AA ကြောင့်လို့ တုံ့ပြန်ပါတယ်။

AA က အရပ်ဝတ်တွေနဲ့ ရွာတွေကို အမှီပြုပြီးတိုက်ခိုက်လို့ ရန်သူရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှုလုပ်တာ လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

“ AA အနေနဲ့ အရပ်ဝတ်တွေနဲ့တိုက်ခိုက်တယ်။ ရွာအနီးနားမှာ ရွာကိုအမှီပြုပြီးတော့ လူသားဒိုင်းသဖွယ် အသုံးပြု နေတာတွေရှိတယ်။ ကျွန်တော်တို့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာက ရန်သူရှိတဲ့နေရာကိုပဲ လေကြောင်း တိုက်ခိုက်မှု ဆောင်ရွက်ခဲ့တာရှိတယ်။ ရန်သူအနေနဲ့ ရွာသူရွာသားတွေကို လူသားဒိုင်းသဖွယ် အသုံးချနေတဲ့ အခြေအနေမျိုးလည်းရှိတယ်။ ကျွန်တော့်အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြောင့် မဟုတ်ပါဘူးလို့ ငြင်းနေတာ မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့လိုက်နာခဲ့တဲ့စည်းမျဉ်းတွေနဲ့ လုပ်ဆောင်ချက်တွေကို ပြောပြတာပါ။”

တပ်မတော်ရဲ့ စွပ်စွဲချက်ကို AA ပြောခွင့်ရသူ ခိုင်သုခကတော့ ငြင်းပါတယ်။

"ရွာတွေကို သူတို့ပစ်တဲ့အချိန်မှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နောက်ပိုင်းပြောတာရှိတယ်။ အောက်ကနေပြီး သူတို့ကိုပစ်တဲ့အတွက် ပစ်ရပါတယ်ဆိုပြီးပြောတယ်။ အဲဒီရွာက ဒေသခံတွေကလည်း သူတို့ရွာမှာ AA မရှိပါဘူး လို့ပြောတယ်။ ဒါပေမဲ့ စစ်တပ်ကတော့ မျက်လုံးစုံမှိတ်ပြီး ငြင်းတာပေါ့ဗျာ"

ပလက်ဝနဲ့ ကျောက်တော်အစပ် မီးဝတံတားထိပ် ဗျူဟာကုန်းအနီးမှာ တိုက်ပွဲဖြစ်နေတာ တစ်လကျော် ရှိနေပါပြီ။

မီးဝဗျူဟာကုန်းဟာ AA ရဲ့ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းသိုလှောင်တဲ့ စခန်းကို သွားတဲ့ လမ်းကြောင်းအနီး တည်ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဆိုပါတယ်။

“ AA က သူ့လက်နက်ပစ္စည်းတွေ သိမ်းဆည်းသိုလှောင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ထဲကစခန်းကို သွားတဲ့နေရာဖြစ်နေ လို့ အဲဒီနေရာကို ထွက်သွားမယ်ဆိုရင် တပ်မတော်က အဲဒီနေရာကို ထိန်းချုပ်နိုင်အောင်လုပ်ထားတာ။ ဒီဟာကို AA အဖွဲ့က မဖြစ်မနေ သူတို့ရဲ့ ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းဖို့အတွက် စစ်ဆင်ရေးကို လုပ်နေတယ်လို့ နားလည်တယ်။"

တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေ ရှိတဲ့အပြင် နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေလည်း ရှိနေတယ်လို့ ပြည်တွင်း၊ ပြည်ပချင်းအရပ်ဘက် အဖွဲ့  ၂၈ ဖွဲ့က ဒီနေ့ မတ်လ ၁၇ရက်မှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

AA အဖွဲ့ဟာ ရွာတွေထဲဝင် ဆန်တောင်းပြီး မပေးရင် ခြိမ်းခြောက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဆန် တောင်းတာမပေးလို့ဆိုပြီး အရပ်သား သုံးယောက်ကို AA က ဖမ်းဆီးသွားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ်  AA ပြောခွင့်ရသူ ခိုင်သုခကတော့ ငြင်းပါတယ်။ အရပ်ဘက်အဖွဲ့ ၂၈ ဖွဲ့က လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရပ်သား ပြည်သူတွေကို လက်လွတ်စပယ် ပစ်ခတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ စားနပ်ရိက္ခာပြတ်လပ်အောင် ဖန်တီးတာ၊ မတရား ဖမ်းဆီး ခေါ်ဆောင်တာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

ပလက်ဝမှာ သေဆုံးသူတွေရှိတဲ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်ထောင်နီးပါး ရှိနေပါပြီ။

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်ထဲက ပြိုင်တိန်၊ ဝက်မ၊ မိတ်စာဝ (၁) (၂) (၃)၊ ငါးမျက်တောင်၊ ဆား၀ နဲ့ ပြိုန်းတောင် စတဲ့ ရွာ ရှစ်ရွာက ဒေသခံတွေဟာ ပလက်ဝမြို့ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာမှာရှိတဲ့ ဆမီးမြို့ကို မနေ့က ထွက်ပြေးခဲ့ကြပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် သောက်သုံးရေ အရေးပေါ် လိုအပ်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေထိုင်ရေးအခက်အခဲလည်း ကြုံနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် က ပြောပါတယ်။

"ချောင်းထဲမှာ လူပေါင်းထောင်ချီ ရေချိုးမယ်ဆိုတော့ သောက်သုံးရေတွေရှားပါးမှုရှိလာမယ်။ အခုသက်ကြီးရွယ်အို ကလေးငယ်တွေပါလာတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုတယ်။ ပြီးတော့ နေရာထိုင်ခင်း အဆင်မပြေဘူး။ အဓိကတော့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ဒေါက်တာတစ်ယောက်လောက်တော့ ထားသင့်တယ်လို့မြင်တယ်။"

ဒုက္ခသည်တွေ တိုးလာနေတာကြောင့် ပြင်ဆင်ထားတဲ့ အလယ်တန်းကျောင်း၊ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့လည်း မလုံလောက်တော့လို့ နောက်ထပ်နေစရာ နေရာ စီစဉ်နေရတယ်လို့ ဆလိုင်းမျိုးထိုက်က ဆိုပါတယ်။ ဒုက္ခသည် တွေဟာ စားသောက်ဖို့ ငှက်ပျောပင်ကို အားထားနေရပါတယ်။ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဆမီးမြို့ပေါ်မှာ ဆရာဝန်တစ်ယောက်မှ မရှိလို့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ဒဏ်ရာရထားသူတွေအတွက် ကျန်းမာ ရေး စောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတာပါ။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲကာလ တစ်နှစ်ကျော် ကြာလာတာနဲ့အမျှ စစ်ဖြစ်ပွားတဲ့ဧရိယာ ကျယ်ပြန့်လာသလို တစ်နေ့ထက်တစ်နေ့ သေဆုံးသူတွေ၊ ဒဏ်ရာရာသူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း တိုးလာနေပါတယ်။

နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူတွေ ရှိပေမယ့်လည်း  ဘယ်သူ့လက်ချက်ကြောင့် ဆိုတာ ဝန်ခံထားတာ မရှိတဲ့အပေါ် ဝေဖန်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။