ထိုးစစ်တွေ ရပ်တန့်ပြီး အခြေခံ ဥပဒေပြင်ဆင်ဖို့ ပန်ဆန်းညီလာ ခံ တောင်းဆို
2015.05.06

ကချင်၊ တအာန်း၊ ကိုးကန့်နဲ့ ရခိုင်ဒေသတွေမှာ မြန်မာ့ တပ်မတော်က ပြုလုပ်နေတဲ့ ထိုးစစ်ဆင်တိုက်ခိုက် မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ တိုင်းရင်းသားလက်နက် ကိုင် ၁၂ ဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
UWSA ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့မှာ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ၆ ရက်ကြာ ညီလာခံအပြီး ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ ကြေညာချက်အမှာ အခုလို ဖော်ပြထားတာပါ။
စစ်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်သူ လူထုအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ နောင်မှာ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတဲ့ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားအောင် ထိန်းချုပ်ပေးဖို့ တောင်းဆိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲပြီး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအတွက် တညီတညွတ်တည်း တောင်း ဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ဦးစွာချုပ်ဆိုရန် လိုအပ်ကြောင်း၊ စာချုပ်ချုပ်ဆိုရာမှာလည်း လက်ရှိအပစ်အခတ်မရပ် စဲနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ တန်းတူရည်တူ ပါဝင်သင့်ကြောင်း၊ မြန် မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက် မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ တရုတ်အစိုးရတို့ ကြီးကြပ်ပေးဖို့ တောင်းဆိုကြောင်း၊ ပြည်တွင်းစစ် ကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ နိုင်ငံရေးပြဿ ကို ဖြေရှင်းရာမှာ သဘောထားကွဲလွဲ မှုတွေကို လက်နက်နဲ့ ခြိမ်းခြောက်ဖိအားပေးဖြေရှင်းတဲ့ နည်းလမ်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း အဲဒီကြေညာ ချက်ထဲမှာ ရေးသားထားပါတယ်။
မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီညီလာခံကို KIO ကချင် လွတ်မြောက်ရေးအဖွဲ့၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ KNU ကရင် အမျိုးသားအစည်းအရုံး၊ PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ၊ MNDAA မြန်မာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်၊ AA ရက္ခိုင့်တပ်မတော်၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ၊ SSPP ရှမ်းပြည် တိုးတက်ရေးပါတီ၊ NDAA ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့နဲ့ UWSP ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ တို့က ထိပ်သီးခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ လေ့လာ သူတွေ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။