ပန်ဆန်း ထိပ်သီး ဆွေးနွေးပွဲကို RCSS/SSA အဖွဲ့တက်မည်
2015.04.28
UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ပန်ဆန်းဌာနချူပ်မှာကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲကို ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ တက်ရောက်ဖို့ အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးတင်ပြဖို့ ပြင်ထားတယ်လို့ သိရ ပါတယ်။
ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ နှစ်ရက် ကြာကျင်းပခဲ့တဲ့ RCSS အရေးပေါ် အစည်းအဝေးကနေပြီး ဆုံးဖြတ်ချက်ချ ခဲ့တာဖြစ်တယ်လို့ RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။
"ထွက်လာတဲ့ ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးရဲ့ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ တက်ရောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချကြပါတယ်၊ ဆိုတော့ အဲ့ဒီ အစည်းအဝေးကို တက်ရောက်ဖို့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် အဖြစ် ကော်မတီတစ်ရပ်ကို ကျနော်တို့ ဖွဲ့စည်းပြီးတော့ စေလွတ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ကော်မတီရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ ကျနော်တို့ ဒုဥက္ကဌ လည်း ဖြစ်တဲ့ အရင်တုန်းကလည်း SSNA ရဲ့ ဥက္ကဌ လည်းဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချူပ် စိုင်းရီ ကိုတာဝန်ပေးပါတယ်၊ သူကိုယ်တိုင် ဦးဆောင်ပြီး အဖွဲ့ဝင် ၇ ဦးတက်ရောက်မှာ ဖြစ်ပါတယ်"
ဒုဥက္ကဌ ဗိုလ်ချူပ် စိုင်းရီ ဦးဆောင်တဲ့အဖွဲ့မှာ ဗိုလ်မှူးကြီး ကွဏ်းစင့်၊ ဒုဗိုလ်မှူးကြီး အောင်မြ၊ ဗိုလ်မှူး တင်ခေး တို့ပါဝင်ပြီး စိုင်းစံအေး၊ စိုင်းမြမောင်၊ စိုင်းခမ်းစန် တို့ကတော့ ရုံးအထောက်အကူပြုအဖွဲ့ဝင်တွေအနေနဲ့ လိုက်ပါမှာဖြစ် တယ်လို့ ဆက်ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးမှာ ရှမ်းပြည် ပြန်လည်ထူထောင် ရေး ကောင်စီ RCSS အဖွဲ့အနေနဲ့ တင်ပြဆွေးနွေးဖို့ ဒီအရေးပေါ် အစည်းအဝေးကနေ သဘောတူ ဆုံးဖြတ်ထားတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်မှူးကြီး စိုင်းလ က အခုလို ပြောပါတယ်။
"အလုပ်အမှုဆောင်ကော်မတီရဲ့ ညှိနှိုင်းဆွေးနွေးချက်အရ အခုလောလောဆယ် ကျနော်တို့ တိုင်းပြည်ရဲ့ လိုလားချက် အဓိက ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ အဲ့ဒါကို အခြေခံ ပြီးတော့ ကျနော်တို့ ဆွေးနွေးသွားမှာပါ။ နောက် လက်ရှိ ဆွေးနွေးဖို့ လိုအပ်နေတဲ့ တစ်ရပ်ကတော့ ဒီ NCCT နဲ့ UPWC တို့ ဆွေးနွေးပြီး ရရှိလာတဲ့ ဒီ NCA ကိစ္စပါ၊ ဒီ NCA ကိစ္စကိုလည်း ကျနော်တို့ အများသူငါ ကျနော်တို့ ဘယ်လို သဘောတွေ ရှိကြသလဲဆိုတာ ညှိနှိုင်းပြီးတော့ ဆွေးနွေးသွားမှာဖြစ် ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကိုတော့ ကျနော်တို့ကတော့ ဘယ်လိုပြဿနာတွေပဲ ဖြစ်ဖြစ်နော် ဒီ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာဖို့ ကျနော်တို့က သဘောထားတွေ ရှိတဲ့အတွက်ကြောင့် ဒီဆွေးနွေးပွဲမှာ လည်း အဲ့လိုပဲ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်"
RCSS အဖွဲ့အနေနဲ့ ဒီထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဆုံးဖြတ်ရတာဟာလည်း နိုင်ငံတော် အစိုးရနဲ့ သက်ဆိုင် သူတွေ နိုင်ငံရေးပါတီတွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အတူ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်မျှော်လင့်ပြီး တက်ရောက် တာဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလ က ပြောသွားပါတယ်။