မြိတ်က ဆောက်လုပ်ပြီး အိမ်ယာ ၂ ခု လူနေထိုင်ဖို့ မသင့်ကြောင်း တွေ့ရ
2018.09.10

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ နိုင်ငံတော် သမ္မတ အထူးရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ ပင်လုံအငှားအိမ်ယာ စီမံကိန်းက အဆောက်အအုံ ခုနှစ်လုံးထဲက နှစ်လုံးဟာ အရည်အသွေးမမှီဘဲ လူနေထိုင်ဖို့ မသင့်တာကို တွေရှိခဲ့တယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုက ပြောပါတယ်။
အဆောက်အအုံ ၂ လုံးဟာ လူနေထိုင်လို့ မသင့်တာတွေ့ရပြီး ပညာရှင်တွေနဲ့ စစ်ဆေးပြီးမှ လူနေထိုင်ခွင့်ပြုဖို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကပြောပါတယ်။
"ဖြစ်နိုင်မယ်ဆိုရင်တော့ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေပဲ သေချာစိစစ်ပြီး လူနေထိုင်ဖို့ သင့်မသင့်ဆိုတာပဲ လုပ်စေချင်တာပေါ့နော်။ ကျနော်တို့ကတော့ လက်ရှိ မြေပြင်ပေါ်မှာ မြင်တဲ့အတိုင်းကိုပဲ ထောက်ပြတာပေါ့"
မြိတ်မြို့ ရေပုန်းရပ်ကွက်မှာ နှစ်ဆန်းပိုင်းကစပြီး တိုင်းအစိုးရအဖွဲ့က နိုင်ငံတော် သမ္မတ အထူးရန်ပုံငွေနဲ့ ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၇ လုံးကို တင်ဒါစနစ်နဲ့ တည်ဆောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ အဆောက်အအုံတွေထဲက သိန်းကမ္ဘာ ကုမ္ပဏီက တင်ဒါယူဆောက်လုပ်တဲ့ အဆောက်အအုံ ၂ လုံးမှာ နံရံတွေ အက်ကွဲတာ၊ ဆေးတွေ ကွာကျနေတာတွေ၊ ရေတွေ စိမ့်ဝင်နေတာတွေနဲ့ တံခါးတွေမှာ ခိုင်ခံ့မှုမရှိတာတွေကို တွေရပြီး ကုမ္ပဏီအနေနဲ့ ပြန်လည်ပြုပြင်ပေးဖို့ တိုင်းအစိုးရကို ပြောကြားထားတယ်လို့ ဦးမြတ်ကိုက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က တိုင်းစည်ပင်သာသာရေးကော်မတီက တာဝန်ရှိသူတွေနဲ့အတူ ပြီးစီးတဲ့ အဆောက်အအုံတွေကို စစ်ဆေးရာမှာ အခုလိုတွေရှိခဲ့တာဖြစ်ပါတယ်။