အနုမြူ ကောလာဟလကြောင့် နယ်စပ်နှင့် ကချင်ပြည်နယ်မှာ ဆားဈေး သုံးဆခုန်တက်

တရုတ်-မြန်မာနယ်စပ်မှာ ဆားဈေးနှုန်းတွေ မတ်လ ၁၇ ရက် မနေ့ကတည်းက ရုတ်တရက် ခုန်တက်နေရာ ဒီနေ့ မြန်မာနိုင်ငံ အထက်ပိုင်း ဗန်းမော်မြို့နဲ့ မြစ်ကြီးနားမြို့မှာလည်း ကောလာဟလ သတင်းတွေနဲ့ တရုတ်နယ်စပ်က အဝယ်များလာတာကြောင့် ဆားဈေးနှုန်းတွေ ၃ ဆ လောက် မြင့်တက်နေတယ်လို့ သိရပါတယ်။

2011.03.18
china_nuclear_shop_305_z.png တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ကုန်တိုက်ကြီးတခုတွင် စင်များ ပြောင်သလင်းခါနေသည်ကို ဈေးဝယ်သူတဦး ကြည့်နေခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံမှ ငလျင် နောက်ဆက်တွဲ အနုမြူ အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေကြောင့် တရုတ်နိုင်ငံတွင် ဆားများ ရောင်းမလောက် ဖြစ်နေသည်။ အိုင်အိုဒင်းဓာတ် ပါဝင်သော ဆားသည် အနုမြူအဆိပ်သင့်မှုကို ကာကွယ် ကုသပေးနိုင်သည်ဟု တရုတ်လူမျိုးအချို့က လွဲမှားစွာ ယုံကြည်နေသည်။ (Photo: AFP)
Photo: AFP

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဆားဈေးတက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မြစ်ကြီးနားမြို့ခံတယောက်က ခုလို ပြောပါတယ်။

“ဆားတွေလည်း ပြတ်နေတယ် တပိဿာကို ၈၀၀ ကျမတို့ မနက်က ဝယ်တာတောင် အရင်က ၃၀၀ ပဲ တရုတ်ပြည်က လာဝယ်လို့တဲ့ ဝယ်လို့တော့ နည်းနည်းပါးပါးပဲ ရတော့တယ် တအားဝယ်ကြတော့လေ။ ဆိုင်တွေက ပြတ်နေတာ ရထားတွဲမှာလည်း ပစ္စည်းက နည်းနည်း တင်ရခက်တယ်လေ ရန်ကုန်ဖက်ကနေ လာတာလေ ပဲခူးတို့ဘာတို့ကနေ။”

ကချင်ပြည်နယ်ဗန်းမော်မြို့မှာလည်း အလားတူ ဆားဈေးတွေ အဆမတန်တက်နေတယ်လို့ ဗန်းမော် ဒေသခံတယောက်က ပြောပါတယ်။

အရင်က တပိဿာ ၃၀၀၊ ၄၀၀ ပဲရှိတာ အခု မြို့ထဲမှာ ၁၅၀၀ ဖြစ်နေတယ်တဲ့။ တကယ့် ဆားရောင်းတဲ့ ဆိုင် ကုန်စုံဆိုင် လက်ကားရောင်းတဲ့ဆိုင်တွေက ရောင်းစရာ မရှိတော့ဘူးလို့ ပြောတယ်။ တရုတ်ပြည်က ကားကြီးကားငယ်နဲ့ သယ်နေတယ်တဲ့။ တရုတ်ပြည်ပို့နေကြတယ်တဲ့။ တက်တာကတော့ အဲလိုပဲ ကောလာဟလတွေပေါ့ဗျာ။ ဒီမှာတောင် အစိုးရက မိုက်နဲ့ အော်သွားသေးတယ်။ မိုးရွာရင် အပြင်မထွက်နဲ့ ရောဂါတွေ ဖြစ်နိုင်တယ်ပေါ့။ ရေဒီယိုသတ္တိကြွတွေ ဒီဘက်ကို လာမယ်ပေါ့ဗျာ။ နောက် တရုတ်ပြည်ဖက်ကိုလည်း ဗန်းမော်မှာ ရှိတဲ့ဆားတွေကို တရုတ်ပြည်က တော်တော် သိမ်းတယ်လို့ ပြောတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ မနေ့က ဆားဈေးတွေ အရင်ကထက် ၃ ဆလောက် ရုတ်တရက်ခုန်တက်လာလို့ တရုတ်အစိုးရက ဆားဈေးကို အဆမတန် မြှင့်တင်ရောင်းတဲ့သူတွေကို အရေးယူမယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။