မင်းပြားမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ ပန်းမြောင်းရွာခံ ငါးထောင်ခန့် ထွက်ပြေးနေရ


2019.08.27
aungmingalar-pagoda-hill-622.jpg ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာထဲမှာရှိတဲ့ အောင်င်္ဂလာ ဘုရားတောင်ကုန်းကို မြင်တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ ရွှေကျင်ကျေးရွာတစ်ဝိုက်မှာ သြဂုတ်လ ၂၃ ရက်နေ့ကစလို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက် ပန်းမြောင်းရွာအလယ်မှာရှိတဲ့ အောင်မင်္ဂလာဘုရား တောင်ကုန်းပေါ်မှာ တပ်မတော်က တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ပန်းမြောင်းရွာဒေသခံ သုံးပုံတစ်ပုံလောက်ပဲ ရွာထဲမှာအိမ်စောင့်ဖို့ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေက ဘေးလွတ်ရာကို ထွက်ပြေးကုန်ပြီလို့ ပန်းမြောင်းရွာသား ကိုကျော်ဇင်က RFA ကိုပြောပါတယ်။

"ဘယ်လိုပြောမလဲ၊ ကျွန်တော်တို့ ဒီ ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်ကနေ ဒီမြန်မာ့တပ်မတော်ဘက်ကတော့ တအားထုနေတာပဲ၊ ပန်းမြောင်းသူ ပန်းမြောင်းသားတွေက တအားကြောက်ပြီးတော့ ထွက်ပြေးကုန်ကြပြီ။ အခုဆိုလို့ရှိရင်တော့၊ ရွာထဲမှာလူတွေက သုံးပုံပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ်၊ တစ်အိမ်မှာဆိုရင် အိမ်စောင့်တစ်ယောက်ပဲ ကျန်တော့တယ်၊ မရှိတဲ့သူတွေလည်း မရှိတော့ဘူး၊ မြောက်ဦးတို့ရယ်၊ မင်းပြားတို့ရယ်၊ စစ်တွေတို့ရယ် သူတို့နဲ့ နီးစပ်တဲ့ဆွေမျိုးတွေဆီကိုပဲ သွားကြတာ၊ အခုအကိုတို့ ပြောနေတဲ့ မေးနေတဲ့အချိန်မှာတောင် ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်ကနေပြီး လှမ်းထုတယ်၊ အဲဒီထုတဲ့ဒဏ်တွေကို ကျန်းမာရေးမကောင်းတဲ့သူတွေဆိုလည်း ဘယ်လိုနေမလဲ နေလို့မဖြစ်တော့ဘူးပေါ့"

ပန်းမြောင်းကျေးရွာမှာ အိမ်ခြေ ၁၄၀၀ ကျော်ရှိပြီး လူဦးရေ ရှစ်ထောင်ကျော်ရှိပါတယ်။

ဒီကနေ့ညနေ ၄ နာရီလောက် RFA က ပန်းမြောင်းရွာဒေသခံတွေကို ဆက်သွယ်မေးမြန်နေတဲ့ အချိန်အတွင်း မှာတင် လက်နက်ကြီးပစ်သံတွေကို ကြားနေရပါတယ်။

ဒါ့အပြင် လေးနာရီဝန်းကျင်မှာ အဲဒီတောင်ရိုးတွေပေါ်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်နေတာကို မြင်တွေ့နေရ တယ်လို့ ရွှေကျင်ရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းနဲ့ ကျောင်းတောင်ရွာ ဒေသခံတစ်ယောက်က RFA ကို အခုလိုအတည်ပြုပြောဆိုပါတယ်။

"မနက် ၇ နာရီလောက်ကပစ်တယ် တစ်ရက်လုံးပစ်ပါတယ်၊ အခုကတော့ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်ပါတယ်၊ ဟုတ်ပါတယ်၊ အခုချက်ချင်းပစ်ပါတယ်၊ ပန်းမြောင်းကြီးအရှေ့မြောက်ထောင့် တောင်ရိုးပါ၊ ရွှေကျင်နဲ့ဆိုရင် အနောက်မြောက်ထောင့်ကျမှာပေါ့"

"ဟုတ်ကဲ့ခင်ဗျ၊ အခုကတော့တိုက်ပွဲက တစ်နေ့လုံးပစ်တယ်လို့ ပြောရမှာပါ၊ ဒါပေမဲ့ တိုက်ပွဲဖြစ်တာမဖြစ်တာမပြောနဲ့ အခုတောင် လေယာဉ်နဲ့ပစ်သွားပါတယ်၊ ဟယ်ရီကော်ပရာနဲ့ ပစ်သွားတာပါ၊ ကျွန်တော်တို့ရွာက လှမ်းကြည့်ရင်တော့ လှမ်းပစ်တာပဲမြင်ပါတယ် လေယာဉ် ဟတ်စကီးနဲ့၊ လေယာဉ်ကနှစ်စီးပေါ့ နှစ်စီးတော့ မြင်ပါတယ် ဒီက၊ ဟုတ်ကဲ့ အခုက လေးနာရီပါ၊ အခုတင်ပါ"

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေအနေနဲ့ အသက်အန္တရာယ်စိုးရိမ်နေကြသလို ပစ်ခတ်သံတွေကြောင့် ကျန်းမာရေးအတွက်လည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်ဘက်ပစ်ခတ်နေတဲ့အပေါ် အခုလိုပြောဆိုတဲ့ဒေသခံတွေဟာ ဒေသခံအစစ်မှဟုတ်ရဲ့လားဆိုတာ သံသယ ရှိတယ်လို့  တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"ဒါကတော့သူတို့အပြောပဲလေ၊ လက်နက်ကြီး ပစ်ခတ်နေတာ တပ်ကတင် ပစ်ခတ်နေတာမဟုတ်ဘူး၊ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ ဟိုဘက်ဒီဘက် ပစ်ခတ်နေတာပဲဖြစ်တယ်၊ ဟိုဘက်ဒီဘက် ပစ်ခတ်နေတာဖြစ်တဲ့အတွက်ကြောင့် ခုနပြောတဲ့ ဒေသခံပြည်သူတွေဆိုတာက ဒေသခံပြည်သူအစစ် ဟုတ်ရဲ့လားလို့တောင်မှ ကျွန်တော်တို့ သံသယရှိနေတယ်၊ ပန်းမြောင်းကျေးရွာရဲ့ အရှေ့ဘက်မှာတော့ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတော့ရှိတယ်၊ အဲမှာ AA အခြေပြုထားတဲ့စခန်းတစ်ခုရှိတယ်၊ အဲဒီစခန်းတစ်ခုကို ကျွန်တော်တို့ တိုက်ခိုက်နေတာတော့ရှိတယ်၊ အဲတိုက်ပွဲတော့ရှိတယ်၊ ကျန်တဲ့ဟာတော့ မရှိပါဘူး"

ဒီကနေ့ ပန်းမြောင်းကျေးရွာကို ရောက်ရှိနေတဲ့ မင်းပြားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာကို သူကိုယ်တိုင်တွေ့နေရကြောင်းနဲ့ ရွာလယ်မှာတပ်စွဲထားတာကို ရွှေ့ပြောင်းပေးဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ပြောပါတယ်။

"အခုလည်း ကျွန်တော် ပန်းမြောင်းကို ရောက်နေတယ်၊ အဲဒီမှာ သူတို့ကလက်နက်ကြီးတွေက ဆက်တိုက်ကို ပစ်နေတာပဲ၊ အဲတော့ဒေသခံတွေလည်း ၂၄ ရက်နေ့က အဖြစ်ဆိုးမျိုး ထပ်ဖြစ်မှာကို စိုးရိမ်တယ် ကြောက်လန့်နေတဲ့အတွက် သူတို့ ဟုတ်တယ်မှန်တယ် ထွက်ပြေးနေကြတယ်၊ ဘေးလွတ်ရာကို ရှောင်နေကြတယ်ပေါ့ဗျာ၊ ဒီမှာကျွန်တော်သွားတော့ လူသုံးချိုးတစ်ချိုးလောက်ပဲ ရှိတယ်ထင်တယ်၊ ကျွန်တော်တွေ့တဲ့လူဦးရေက၊ ကျွန်တော်တို့က ဒီရွာရဲ့အလယ်မှာရှိတဲ့ တောင်ကုန်းထဲမှာ လက်နက်ကြီးတင်ပြီး ပစ်နေတာကိုတော့ အဲ့ဒီဒေသခံနဲ့ ကျွန်တော်ကိုယ်စားလှယ်ပါ အကုန်လက်မှတ်ထိုးပြီးတော့ ဒါဟာ မသင့်တော်ဘူး၊ အဲဒီမသင့်တော်တဲ့အတွက် ဒီနေရာကနေပြီးတော့ ရှင်းရှင်းပြောရင် ကျွန်တော်တို့ ဒီပန်းမြောင်းကျေးရွာရဲ့ နယ်နိမိတ်အတွင်းကနေ အဲဒီလက်နက်ကြီးပစ်ခတ်တာကို အဲ့ဒီအပြင်ဘက်ကိုထုတ်ပေးစေချင်တယ်၊ အဲ့တာကိုတော့ ကျွန်တော်တို့ ဒီမှာလက်မှတ်ထိုးပြီးတော့ သက်ဆိုင်ရာပြည်နယ်က ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတို့ နယ်လုံဝန်ကြီးတို့ အကုန်လုံးကို စာတင်ဖို့အတွက် ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချကြတယ်၊ ၃၀ ရက်နေ့ စစ်တွေကိုသွားမယ် ကျွန်တော်တို့"

ဒီကိစ္စအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တပ်မတော်က တပ်စွဲထားတာ ရွာနားမှာသာဖြစ်ပြီး ရန်ကုန်စစ်တွေကားလမ်းရဲ့ လုံခြုံရေးအတွက်ကြောင့် အဲဒီနေရာမှာ တပ်စွဲထားတာ ဖြစ်တယ်လို့ ပြန်လည်ပြောဆိုပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အခြေအနေကို တိကျကျမသိသေးဘူးလို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကပြောပါတယ်။

"ဒီနေ့ကတော့ အဲဒီနားမှာဖြစ်လား မဖြစ်လားတော့ ကျွန်တော်လည်းမသိဘူး၊ မနေ့ကတော့ ဒီပန်းမြောင်းရွာရဲ့ အရှေ့မြောက်ဘက် အဲဒီ ၃.၂ ကီလိုမီတာလောက်မှာတော့ ညနေ လေးနာရီလောက်မှာ တိုက်ပွဲဖြစ်တာရှိတယ်၊ ဒီနေ့လည်း တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့ တိုက်ပွဲအသေးစိတ်တွေကတော့ ကျွန်တော့်ဆီဘာမှရောက်မလာသေးဘူး"

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ မနက်မှာလည်း တပ်မတော် တပ်စွဲထားတဲ့ ပန်းမြောင်းရွာက နေအိမ်တစ်လုံး ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ လူ သုံးယောက် သေဆုံးပြီး သုံးယောက် ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို တပ်မတော်ဘက်ကပစ်တာလို့ AA ကပြောဆိုထားပေမယ့် တပ်မတော်ကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အခုလက်ရှိမှာ ပန်းမြောင်းကျေးရွာက ဆေးရုံ၊ စာသင်ကျောင်း၊ ဈေးဆိုင်ခန်းတွေကို ပိတ်ထားသလို ရွာသားအတော်များများလည်း အိမ်တွေကိုပိတ်ပြီး နီးစပ်ရာကျေးရွာတွေနဲ့ မင်းပြား၊ မြောက်ဦး၊ စစ်တွေမြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။