အမုန်းမပွားရေး ပန်းစကားလှုပ်ရှားမှု စတင်
2014.04.04
ပန်းစကားဆိုတဲ့ ခေါင်းစဉ်နဲ့ လူသားအချင်းချင်း အမုန်းမပွားဖို့ စာသားတွေပါတဲ့ စတေကာတွေ၊ လက်ကမ်းစာစောင်တွေကို ရန်ကုန်မြို့လှည်းတန်း၊ သမိုင်းလမ်းဆုံနဲ့ အင်းလျားကန်ဘောင်တွေမှာ ဘလော့ဂါ ကိုနေဘုန်းလတ် ဦးဆောင်ပြီး လူငယ်တော်တော်များများ ဒီကနေ့ ညနေပိုင်းက လိုက်လံဝေငှခဲ့ပါတယ်။
လူ့အသိုင်းအဝိုင်းအတွင်းမှာ အမုန်းပွားစေတဲ့စကားတွေ ပြောတာများလာတဲ့အတွက် လူ့အဖွဲ့အစည်း ထိခိုက်နစ်နာမှုမရှိအောင် သတိထားစေချင်တဲ့အတွက် ဒီလှုပ်ရှားမှုကို လုပ်ဆောင်တာလို့ ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောပါတယ်။
"အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာရော အပြင်မှာရော အမုန်းပွားစေတဲ့စကားတွေ ပြောတာတွေ များလာတယ်လေ၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် ကိုယ်ပြောတဲ့စကားကြောင့် တစ်ဖက်သား ဒုက္ခမရောက်အောင် ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း ထိခိုက်နစ်နာမှု မရှိအောင်ပဲဖြစ်ဖြစ်ပေါ့၊ ကိုယ့်စကားလေးကို ကိုယ်ပြန်ပြီးတော့ သတိထားစေချင်တဲ့ဆန္ဒနဲ့ ကျနော်တို့ ဒီကမ်ပိန်းလေးကိုလုပ်တာပါ၊ ကမ်ပိန်းနာမည်ကိုတော့ ပန်းစကား လို့ပေးထားတယ်"
ဒီနေ့ လိုက်လံဝေငှခဲ့တဲ့ လက်ကမ်းစာစောင်တွေထဲမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့အတူ အမုန်းပွားစေ တဲ့ ပြောဆိုမှုတွေ ရောပါလာပြီး တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေတဲ့ ပြောဆိုမှုတွေ လှုံ့ဆော်မှုတွေ ရှိလာတာကြောင့် တိုင်းပြည်အတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ပါရှိပါတယ်။
ဒါ့အပြင် တာဝန်မဲ့ပြီး အမုန်းပွားစေတဲ့ အန္တရာယ်ရှိတဲ့ ပြောဆိုမှုတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို နှောင့်ယှက် ဖျက်ဆီးနေတယ်လို့ ယူဆကြောင်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်းလည်း လက်ကမ်းစာစောင်ထဲ မှာ ဖော်ပြထားပါတယ်။
ပြောဆိုမှုတွေဟာ ပန်းစကားတွေ ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ ပန်းတစ်ခက်ကို ပါးစပ်မှာကိုက်ပြီး ရန်ကုန်မြို့လူစည်ကားရာနေရာတွေမှာ လက်ကမ်းစာစောင်တွေနဲ့ စတစ်ကာတွေကို လိုက်လံဝေငှခဲ့တာဖြစ်ပါတယ်။
အလားတူလှုပ်ရှားမှုတွေကို ဒီနေ့ ညနေပိုင်းက ပြည်၊ မော်လမြိုင်စတဲ့ မြို့တွေမှာပါ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။