ပန်ဝါမြို့ ယမ်းပေါက်ကွဲမှု ကလေးတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
2016.02.23

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ ဌာနချုပ်တည်ရှိတဲ့ ချီဖွေမြို့နယ် ပန်ဝါမြို့မှာ ဒီကနေ့ ယမ်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံပြီး နှစ်ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။
သတ္တုတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပေါက်ကွဲတာဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူး ဇော်နီချစ်က ပြောပါတယ်။
"ဖြစ်ပွားတာကတော့ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိတဲ့အခန်းပေါ့နော်၊ အဲ့ခန်းက ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုတ်မိုးတဲ့အခန်းပေါ့၊ ပိုင်ရှင်ကတော့ နေထိုင်ခြင်းမရှိဘူး၊ ဒါပေမဲ့ သတ္တုလုပ်ကွက်တွေမှာ အသုံးပြုဖို့ ယမ်းတွေသိုလှောင်ထားတယ် လို့သိရတယ်၊ နောက်ဆုံးအခြေအနေကတော့ လူကိုအန္တရာယ်ဖြစ်စေလောက်တဲ့ ယမ်းတွေသိုလှောင်ထားတဲ့အတွက် လူသေဆုံးတဲ့အတွက် အိမ်ပိုင်ရှင်ကို ပန်ဝါနယ်မြေရဲစခန်းက ၁/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၆/ ၃၀၄ ကနဲ့ အမှုဖွင့်အရေး ယူထားပါတယ်"
ထိခိုက်ဒဏ်ရာရရှိသူ ကလေး နှစ်ဦးဟာ ပန်ဝါပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ပန်ဝါမြို့ ရပ်ကွက် ၂ မှာဖြစ်ပြီး အနီးနားက နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့သလို အိမ်ပိုင်ရှင်ဟာ အရင်က ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။
အိမ်ပိုင်ရှင်ကို ပေါက်ကွဲစေသောအရာနဲ့ ပေါ့လျော့စွာဆောင်ရွက်မှု ပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။