စီမံကိန်းငွေကြေး မမှန်မကန်သုံးစွဲ မှု အရေးယူဖို့အဆို လွှတ်တော် အတည်ပြု
2015.04.01

ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ငွေကြေးကိုမှန်မှန်ကန်ကန် သုံးစွဲဖို့နဲ့ မမှန်မကန်သုံးစွဲမှုတွေကို အရေးယူဖို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက အစိုးရစီမံကိန်းတွေနဲ့ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွေကိုဆွေးနွေးရာမှာ အစိုးရဝန်ကြီး ဌာနတွေအနေနဲ့ ထိရောက်မှန်ကန်စွာ အသုံးပြုဖို့တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ် ပါတယ်။
"တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနဲ့အညီ ဌာနအဖွဲ့အစည်း များကတိကျစွာ လိုက်နာဆောင်ရွက်ရေး၊ စာရင်းများ၊လုပ်ငန်း များစစ်ဆေးခြင်းနှင့် စစ်ဆေးမှုခံယူခြင်းတို့ကို အချိန်မှီဆောင်ရွက်နိုင်ရေးအတွက် စာရင်းစစ်ချုပ်ရုံး၊ ဖွဲ့စည်းမှု အပါအဝင် ဌာနတွင်းစာရင်းကိုင်များ ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စစ်ဆေးတွေ့ရှိမှု အတိုင်းအတာအရ ထိရောက်လုံလောက်သော အရေးယူဆောင်ရွက်မှုပြုလုပ်ရေး၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့တာဝန်များနှင့်အညီ စာရင်းများစစ်ဆေးခြင်း၊ လုပ်ငန်းဌာနများသို့သွားရောက် စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လေးစားစွာတင်ပြ ပါတယ်ခင်ဗျာ"
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်ဖို့အတွက် ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြား ချက်တွေကိုမလိုက်နာရင် အပြစ်ပေးအရေးယူတဲ့အထိ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
"ဒီလိုအမိန့်ကြေညာစာတွေ၊ ညွှန်ကြားချက်တွေ တကယ်ရှိသော်လည်း၊ လက်တွေ့မှာ လိုက်နာသူကလိုက်နာ ပြီးတော့၊ မလိုက်နာသူတွေက မလိုက်နာဘူး၊ မလိုက်နာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကျတော့ နောက်ဆုံး ခံရမှာ နိုင်ငံတော်ပါပဲ၊ ပြည်သူပါပဲ၊ အဲ့လိုမခံရအောင်ကြတ်မတ်ဖို့၊ စစ်ဆေးဖို့ တွေ့ရှိတာကို မူတည်ပြီး ထိုက်သင့်သလို ပညာပေးခြင်းအရေးယူခြင်းမလုပ်ဘဲနဲ့တော့ ကောင်းမွန်သော အုပ်ချုပ်ရေး သန့်ရှင်းသော အစိုးရဖြစ်ဖို့မဖြစ်နိုင်ဘူး"
အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးပြီး ကန့်ကွက်သူမရှိတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အစိုးရဝန်ကြီးဌာနအားလုံးရဲ့ ဘတ်ဂျက်တောင်းခံ ငွေဟာ ကျပ်ဘီလီယံ ၂ သောင်းကျော်ရှိပါတယ်။