လွှတ်တော်မှာ အခြေခံဥပဒေပြင်ရေး ကြိုးပမ်းမှု NLD ဆက်လက်ရှုံးနိမ့်
2020.03.16

ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ မရတဲ့အတွက် ၇၅% မကျော်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ NLD ပါတီဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီလောက်ခက်ခဲလိမ့်မယ် မထင်ခဲ့ဘူးလို့ ပြောပါတယ်။
တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံရေးမှာပါဝင်ခွင့်ကို လျှော့ချတဲ့ ပုဒ်မ မဟုတ်ဘဲ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပရမယ်ဆိုတဲ့ ပုဒ်မကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမဲ မရတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။
NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏ်စိုးက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒီလောက်အထိ ခက်ခဲမယ်လို့ ထင်မထားခဲ့ဘူးလို့ ပြောပါတယ်။
"ဒီနေ့ ခေတ်အချိန်အခါနဲ့ ဘယ်လိုမှ အံမဝင်တော့တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆိုတဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလောက်ကတည်ရှိခဲ့တဲ့ အဖွဲ့အစည်းတစ်ခုကို ခုထက်ထိ ဘာဖြစ်လို့ စိုက်လိုက် မတ်တပ်ပေါ့နော်၊ ဒါကိုပါ ဆုပ်ကိုင်ထားသလဲဆိုတာကတော့ အလွန်ပင် အံ့အားသင့်စရာ ကောင်းပါတယ်။ ဒီလောက်အထိပေါ့နော်၊ ဒီလိုတွေအထိ ပြင်ဆင်နိုင်ခွင့် မရဘူးလို့ မထင်မှတ်ထားခဲ့တဲ့ အနေအထားကနေ ပိုပို၊ ပိုပိုပြီးတော့ကို ဆိုးလာသလိုပဲ။"
ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် မဲခွဲဆုံးဖြတ်နေတာ ဒီနေ့ ဆိုရင် ငါးရက် မြောက်နေ့ ရှိပြီဖြစ်ပြီး ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို လွှတ်တော်ကိုယ်စားလှယ် ၆၃၀ က ဆန္ဒ မဲပေးခဲ့ကြပေမယ့် ထောက်ခံမဲ ၇၅% မကျော်တဲ့အတွက် အားလုံး မူလအတိုင်းထားဖို့သာ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ပြင်ဆင်ရေး ငါးရက်ကြာ အချိန်အတွင်း ၃၂ (က) နဲ့ ပုဒ်မ ၃၂ (ခ) မှာ ရေးထားတဲ့ "အိုမင်းမစွမ်း" ဆိုတဲ့ စကားရပ်ကို "သက်ကြီးရွယ်အို" ဆိုတဲ့စကားရပ်နဲ့ အစား ထိုးဖို့၊ "မသန်မစွမ်း"လို့ ရေးထားတဲ့စကားရပ် တွေကို "မသန်စွမ်း"လို့ ပြင်ဆင်ဖို့ဆိုတဲ့ ပုဒ်မနှစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က တပ်မတော်သား ကိုယ်စားလှယ်တွေက သူတို့ ရပ်တည်ချက်အတိုင်း မဲပေးခဲ့တယ်လို့ ယူဆကြောင်း ပြောပါတယ်။
"တပ်ကတော့ မူလအတိုင်းပဲထားရှိဖို့ အမြဲတမ်း သဘောထားရှိခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို မလိုအပ်ရင် မပြင်ဘူး။ လိုအပ်တဲ့ ပုဒ်မတွေ၊ မူဝါဒ သဘောထားတွေရှိမှပဲ ပြင်ဖို့ သူတို့အမြဲတမ်းပဲ သူ့ယူဆချက်ရှိတယ်လို့ ဒါသုံးသပ်မိပါတယ်။ အခုလည်းပဲ ဒီပုဒ်မတွေက ထားရင်လည်း ရတယ်။ မထားရင်လည်းရတဲ့ အနေအထားမျိုးပေါ့။ ဒီဟာတွေပြင်သွားနိုင်ရင်လည်း ကျတော်တို့နိုင်ငံရေးအရ ဘာမှ ကြီးကြီးကျယ်ကျယ် ထိခိုက်ပြောင်းလဲသွားနိုင်စရာ အကြောင်း သိပ်မရှိဘူး။ အဲဒါကတော့ တပ်အနေနဲ့ကတော့ သုံးသပ်မိတာကတော့ သူ့သမိုင်းပေါ့လေ။ ဒါတွေလုပ်ခဲ့တယ် ဘယ်အဖွဲ့အစည်းက ဘယ်လိုလုပ်ခဲ့တယ် ။ ဒီသမိုင်းတွေလည်း ထိန်းသိမ်းထားဖို့ ဆန္ဒရှိကောင်း ရှိနိုင်တာပေါ့။"
တပ်မတော် ဦးဆောင်တဲ့ နအဖ အစိုးရ လက်ထက်မဟုတ်ပဲ ဒီမိုကရေစီ ခေတ်ရောက်နေပြီဖြစ်ပေမယ့် ဒီပုဒ်မကို ပြင်ဆင်ဖို့ တပ်မတော်ဘက်က သဘောမတူနိုင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိပါတယ်။
ဒီနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ တစ်ခုမှ အတည်မပြုနိုင်ခဲ့တဲ့အပေါ် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။
လွှတ်တော် စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ဖွဲ့စည်းပုံပြင်ဆင်ရေး ရလာဒ်ထွက်မလာတာက တိုင်းပြည်အတွက် ဝမ်းနည်းစရာကောင်းတယ်လို့ ပြောပါတယ်။
"ရလဒ်ကတော့ နောက်ထပ် ကျတော်တို့ ပုဒ်မတွေ၊ ပုဒ်မခွဲတွေကို မဲခွဲဆုံးဖြတ်ဖို့တော့ ရှိနေသေးတယ်။ ဒါပေမဲ့ ရလာဒ်ကတော့ ဒီနေ့လို ရလဒ်မျိုးတွေပဲ ဆက်ပြီးထွက်တော့မယ် ဆိုတာကတော့ ကျတော်တို့ သုံးသပ်လို့ ရသွားပြီပေါ့နော်။ အဲဒီအပေါ်မှာ ကျတော့် အနေနဲ့ပဲဖြစ်ဖြစ် ပြောရမယ်ဆိုရင် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ရှေ့သွားရမယ့် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ အဲလို မကိုက်ညီတဲ့ အချက်တွေကို မပြင်နိုင် မပြောင်းနိုင်သေးတာ ဖြစ်တဲ့အတွက် နိုင်ငံအတွက်ကော တိုင်းသူပြည်သားတွေ အတွက်ကော ဝမ်းနည်းစရာ ကောင်းတယ်လို့ မြင်တယ်ပေါ့နော်။"
ပုဒ်မ ၂၀၄(ခ) မှာဖော်ပြထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ နေရာမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့် ရှိတယ်လို့ NLD ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းတဲ့ ဥပဒေမူကြမ်းမှာ ပြင်ဆင်ထားပါတယ်။ ဒီပြင်ဆင်ချက်လည်း မအောင်မြင်ခဲ့ပါဘူး။
ပုဒ်မ ၁၁၅ (ခ ) မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စများနဲ့ တပ်မတော်ဆိုင်ရာ ကိစ္စများကို လေ့လာတင်ပြဖို့ အကြောင်းပေါ်ပေါက်ရင် ပြည်သူ့လွှတ်တော်က ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီကို တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကာလသတ်မှတ် ဖွဲ့စည်းရမယ်၊ လုပ်ငန်းလိုအပ်ရင် တပ်ကိုယ်စားလှယ် မဟုတ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ထည့်သွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်ကို ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ကော်မတီက ပယ်ဖျက်ထားပါတယ်။
ပုဒ်မ ၁၉၈ (ခ) မှာ တိုင်းလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေပြဌာန်းချက် တစ်ရပ်ဟာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းချက်နဲ့ ဆန့်ကျင်နေရင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဥပဒေပါအတိုင်းသာ လိုက်နာ ကျင့်သုံးရမယ်လို့ဖြစ်ပါတယ်။
အဲဒီအစား တိုင်းလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေပြဌာန်းချက် တစ်ရပ်ဟာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းချက် နဲ့ ဆန့်ကျင်နေရင် ဇယား ၃ နဲ့အညီ ပြဌာန်းထားတဲ့ ဥပဒေတွေမှအပ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဥပဒေပါအတိုင်းသာ လိုက်နာ ကျင့်သုံးရမယ် ဆိုပြီး ပြင်ဆင်ထားပါတယ်။
အဲဒီပြင်ဆင်ချက်တွေအားလုံးလည်း ရှုံးနိမ့်ခဲ့ပါတယ်။
မနက်ဖြန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ခြောက်ရက်မြောက်နေ့မှာ ၄၃၆(ခ) မှာပါတဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၈ ခုကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အဲဒီထဲမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ သက်ဆိုင်တဲ့ ပုဒ်မ-၂၃၂၊ ၂၃၄၊ ၂၃၅ စတဲ့ ပုဒ်မနဲ့ ပုဒ်မခွဲတွေကို မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ပုဒ်မ-၂၃၂ ဟာ “၅၉-စ လို ကန့်သတ်ချက်မျိုးကို ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်အဆင့်တွေအထိပါ တိုးချဲ့ကန့်သတ်ဖို့” ပြင်ဆင်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။ အဲဒီပြင်ဆင်ချက်ကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က တင်သွင်းထားတာဖြစ်ပါတယ်