သမ္မတအဆိုပြုတဲ့ ဆောက်လုပ်ရေးဝန်ကြီးသစ်ကို လွှတ်တော်အတည်ပြု


2018.01.19
hanzaw-minister-622.JPG ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးဟန်ဇော် ကို တွေ့ရစဉ်
Photo: Kyawthu Yarzar Facebook

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသစ်အဖြစ် ဦးဟန်ဇော် ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတရဲ့ အဆိုပြုချက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

အရင် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ၂ ခုပူးတွဲတာဝန်ယူထားတဲ့  ဝန်ကြီးဦးဝင်းခိုင် ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းရဲ့ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီး ဦးဟန်ဇော် ကို ခန့်အပ်ဖို့ ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

"ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်တာဝန်ပေးမည့်အကြောင်း နိုင်ငံတော်သမ္မတရဲ့ တင်ပြချက်ကို ၁၆ ရက် ၁ လ ၂ဝ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပြီးဖြစ်ပါတယ်၊ ယင်းပုဂ္ဂိုလ်နဲ့ စပ်လျဉ်းပြီး ကန့်ကွက်မယ့် လွှတ်တော်ကိုယ်စားလှယ် ရှိပါသလား၊ အမည်စာရင်းပေးပို့ရမယ့် နောက်ဆုံးရက် သတ်မှတ်အချိန်အထိ ကန့်ကွက်ခြင်း တစ်စုံတစ်ရာ မရှိတဲ့အတွက် ဦးဟန်ဇော်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ နဲ့အညီ ကြေညာပါတယ်"

အသက် ၇၂ နှစ်အရွယ် ဦးဟန်ဇော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပါတယ်။

ထို့အတူ နိုင်ငံတော်သမ္မတက  ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဒုဝန်ကြီးအဖြစ် ဦးသာဦး ကို ခန့်အပ်တာဝန်ပေး အပ်တာကိုလည်း ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။

အင်န်အယ်လ်ဒီပါတီ ဦးဆောင်တဲ့အစိုးရ ၂၀၁၆ ခုနှစ် အာဏာရချိန်မှာ ဝန်ကြီးဌာန ၁၈ ခုသာထားရှိပြီး ဒုတိယဝန်ကြီး ခန့်အပ်မှုနည်းပါးခဲ့ပေမယ့် မကြာသေးခင်က ပြန်ကြားရေးဒုဝန်ကြီးအပါအဝင် ဒုဝန်ကြီးအချို့ ခန့်အပ်တာဝန်ပေးအပ်တာတွေ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။