ရပ်ကွက်ကျေးရွာတွေ တိုးချဲ့၊ ပြင်ဆင်၊ ပယ်ဖျက်ရေး လွှတ်တော်အတည်ပြု
2016.02.11

ရန်ကုန်တိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာတွေကို တိုးချဲ့၊ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အတွက် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ထားတာကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ မှတ်တမ်းတင်လိုက်ပါတယ်။
နိုင်ငံတော် သမ္မတရုံးက ပေးပို့ထားတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို တိုးခဲျ့၊ ပြင်ဆင်၊ ပယ်ဖျက်ရေးကိစ္စကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
"နိုင်ငံတော်သမ္မတရုံး၏ ပေးပို့ထားတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနဲ့ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း စာမိတ္တူများကို လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါတယ်၊ အဆိုပါ မြို့၊ ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနဲ့ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၈ အရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်"
ရပ်ကွက်၊ ကျေးရွာတွေ တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းတာဟာ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ်က ဘီတီအက်ဖ် ရပ်ကွက်ကို ပယ်ဖျက်ပြီး ကြီးပွားရပ်ကွက်နဲ့ပေါင်းပြီး သတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ လှည်းကူးမြို့နယ်တွေက ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာ ၃ ရွာကို အမည်ပြောင်းလဲပြီး ကျေးရွာ ၅ ရွာကို ပယ်ဖျက်ခဲ့ပါတယ်။
ချင်းပြည်နယ်မှာလည်း တီးတိန်မြို့နယ်က ထေးဇန်နဲ့ ပိန်းပိကျေးရွာအုပ်စုကို ခိုင်ကမ်းမြို့အဆင့် တိုးမြှင့်သတ်မှတ် လိုက်ပြီး၊ မတူပီမြို့နယ်က လိုင်လင်းပီကျေးရွာကို လိုင်လင်းပီမြို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တာတွေကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။