ဝန်ကြီး ၁၈ ဦးကို အတည်ပြု


2016.03.24
mahn-winkhaingthan-620.jpg ပြည်ထောင်စုလွှတ်တော်မှာ နာယက ဦးမန်းဝင်းခိုင်သန်း ကို မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
.

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးကို ကန့်ကွက်သူမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဖွဲ့စည်းပုံနဲ့ မညီကြောင်း ကန့်ကွက်လိုသူရှိရင် လွှတ်တော်ထံတင်ပြဖို့ ကြေညာထားပေမယ့် ကန့်ကွက်သူ မရှိတာကြောင့် အတည်ပြုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာပါတယ်။

"ယင်းပုဂ္ဂိုလ်များနဲ့ စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂   ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ပြည့်စုံကြောင်း   သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စား လှယ်များရှိပါက ၂၃   ရက် ၃ လ ၂ဝ၁၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီ နောက်ဆုံးထားပြီး   အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်၊ သို့ရာတွင်   နောက်ဆုံးသတ်မှတ်ချိန်အထိ အဆိုပါပုဂ္ဂိုလ် များနှင့် စပ်လျဉ်းပြီး   ကန့်ကွက်ချက်တစ်စုံတရာ မရှိတဲ့အတွက် ပြည်ထောင်စုဝန်ကြီးများ အဖြစ်  ခန့်အပ်  တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"

ဝန်ကြီး ၁၈ ဦးကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် အတည်ပြုခန့်အပ်လိုက်ပေမယ့် ဘယ်ဝန်ကြီးဌာနတွေကို ဘယ်သူတွေက တာဝန်ယူမယ်ဆိုတာကို ကြေညာခြင်းမရှိသေးပါဘူး။

ဒါ့အပြင် သမ္မတ ဦးထင်ကျော် ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ တို့က အဆိုပြုထား တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကိုလည်း ကြေညာခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ တင်သွင်းသူ ၃ ဦးက ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်တို့ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌက ဦးမျိုးညွန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ် တို့ကို အဆိုပြုထားသလို အမျိုးသားလွှတ်တော် ဥက္ကဌ က ဦးတွာလ်ကျင့်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းတို့ကို တင်သွင်းထားပါတယ်။

အဲ့ဒီ ၉ ဦး ခုံရုံးအဖွဲ့ဟာ လွှတ်တော်အသီးသီးက ပြဌာန်းတဲ့ ဥပဒေတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ စိစစ်ရမှာဖြစ်သလို ဖွဲ့စည်းပုံနဲ့သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို အဆုံးအဖြတ်ပေးဖို့ တာဝန်ယူရမှာ ဖြစ် ပါတယ်။

အဲ့ဒီခုံရုံးအဖွဲ့ ဥက္ကဌ နဲ့ အဖွဲ့ဝင် အမည်စာရင်းကို ကန့်ကွက်လိုတယ်ဆိုရင် မနက်ဖြန် အမည်စာရင်း တင်သွင်းရမှာဖြစ်ပြီး ကန့်ကွက်သူမရှိရင် လာမယ့် မတ်လ ၂၈ ရက်နေ့မှာ အတည်ပြုမှာဖြစ်ပါတယ်။

မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်အမည်စာရင်းကို ကြေညာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။