နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းဖို့ လွှတ်တော်အတည်ပြု


2016.05.10
pyitaungsu-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: Myanmar Union Parliament Facebook

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဆိုပြုထားတာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးအမည်နဲ့ ဝန်ကြီးဌာနအသစ် ထပ်မံဖွဲ့စည်းဖို့ နိုင်ငံတော် သမ္မတက သဝဏ်လွှာပေးပို့ထားရာ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ဆွေးနွေးသူ မရှိတဲ့အတွက် အတည်ပြုကြောင်း လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ၂  ပုဒ်မခွဲ (က) နဲ့အညီ နိုင်ငံတော်သမ္မတထံမှ သဝဏ်လွှာပေးပို့ထား တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောမတူတဲ့သူ မရှိတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"

အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအမည်ကို တရားဝင်ကြေညာတာ မရှိသေးပေမယ့် ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစိုးရသစ်လက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေ အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖွဲ့စည်းတာဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်ပေးပု့ိတဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန စုစုပေါင်း ၂၂ ခုရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။