ဝန်ကြီးသစ်နှစ်ဦး ခန့်အပ်ရေး လွှတ်တော် အတည်ပြု
2014.08.01

လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန အတွက် ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် တို့ကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ နာယက သူရဦးရွှေမန်းက အခုလိုကြေညာခဲ့ပါတယ်။
"လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ရာထူးနေရာတွင် ယင်းဌာန၏ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ရာထူးနေရာတွင် ယင်းဌာန၏ ဒုတိယ ဝန်ကြီး ဒေါက်တာ သန်းအောင်တို့ကို ခန့်အပ် တာဝန်ပေးခြင်းကိစ္စနဲ့ စပ်လျဉ်းပြီး နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့်ကွက်ချက် တစုံတရာမရှိတဲ့ အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရဲထွဋ် အား၎င်း၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ သန်းအောင် တို့အား၎င်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပြီးခဲ့တဲ့ ၃ ရက်က နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာခဲ့ပြီး ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဒေါက်တာ သန်းအောင်တို့ကို အစားထိုးခန့်အပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ထံ အဆိုပြုတင်ပြခဲ့တာ ဖြစ်ပါတယ်။