ဥပဒေကြမ်း ၁၄ ခု လွှတ်တော်သစ် မှာ ဆွေးနွေးဖို့ ဆုံးဖြတ်


2016.01.11
parliament-620.jpg လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၄ ခုကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ဆက်လက်ဆွေးနွေးခြင်းမပြုဖို့ ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေကြမ်း ၁၄ ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်းမပြုဖို့ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တွေက လွှတ်တော်ထံတင်ပြရာမှာ ကော်မတီဝင် ဦးစတီဖန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းဟာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုအပ်တဲ့အတွက် လာမယ့်လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ဖို့ တင်ပြတာဖြစ်ပါတယ်။

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ ပါ ပြဌာန်းချက်များနဲ့ စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးနိုင်ရန်အတွက် လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်ပေးပို့ရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် လတ်တလော ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ရေး အတွက် လွှတ်တော်ကအတည်ပြုပေးပါရန် အစီရင်ခံတင်ပြအပ်ပါတယ်"

နျူကလီးယားဘေးန္တရာယ် ကင်းရှင်းရေးဥပဒေကြမ်း၊ မြေသိမ်းအက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း၊ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ ပုဂ္ဂလိက ပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ လက်နက်ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း စတာတွေကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခြင်းမပြုဘဲ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဥပဒေပါင်း ၂၁၃ ခုကို အတည်ပြုပြဌာန်းခဲ့ပြီး အဲဒီထဲမှာ အမျိုးသားပညာရေး ဥပဒေ၊ မျိုးစောင့်ဥပဒေ ၄ခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ၂၀၀၈ ဖဲ့ွစည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ စတဲ့ ဥပဒေတွေ ပါဝင်ပါတယ်။

လက်ရှိလွှတ်တော်ဟာ လာမယ့် ဇန်နဝါရီလ ၂၉ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒုတိယအကြိမ်လွှတ်တော် ဟာ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။