လျှပ်စစ်မီတာခ တိုးမြှင့်မည့်အစီအစဉ် ရပ်ဆိုင်းရေး လွှတ်တော်မှာဆွေးနွေး


2013.11.08
electric-protest-305.jpg အစိုးရက လျှပ်စစ်မီတာခတွေ တိုးကောက်တာကို မကျေနပ်တဲ့ ပြည်သူများက နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီမှာ အောင်ဆန်းကွင်း ဖဆပလရပ်ကွက်ကနေပြီး တာမွေလျှပ်စစ်ရုံးအထိ ချီတက်ဆန္ဒပြခဲ့ပါသည်
Photo: RFA

လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြည်သူတွေက ကန့်ကွက်နေကြတာကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအနေနဲ့ အဲဒီအစီအစဉ် ခေတ္တရပ်ဆိုင်းထားပြီး လာမယ့် အစည်းအဝေးမှာ ပြန်လည်တင်ပြဖို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ မလှိုင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်တင်ပြဖို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာပါ။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ လတ်တလော တိုးမြှင့်ကောက်ခံဖို့ထုတ်ပြန်ခဲ့တဲ့ လျှပ်စစ်မီတာခဈေးနှုန်းကို စိစစ်သုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်တင်ပြသွားမယ်လို့ ဒုတိယဝန်ကြီး ဦးအောင်သန်ဦးက လွှတ်တော်မှာ အခုလိုပြောသွားပါတယ် ။

“၃ဝ ရာခိုင်နှုန်းသော ပြည်သူတွေအတွက်ကို စဉ်းစားပြီးတော့မှ သင့်တော်သောဈေးနှုန်းကို အကြိမ်ကြိမ်ဆွေးနွေးပြီးတော့မှ ပြင်ဆင်ဖို့ရာ တင်ပြရခြင်းဖြစ်ပါတယ်၊ သို့သော်လည်း ပြင်ဆင်ဖို့ ကြေညာတဲ့အပိုင်းမှာ လိုအပ်ချက်ကလေးများ၊ အချိန်ယူခြင်းများ အနည်းငယ် အားနည်းချက်ရှိသွားတဲ့အတွက် ကျနော်တို့ အဆိုတင်သွင်းတဲ့အတိုင်း ပြန်လည်တင်ပြသုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပါတယ်”

လျှပ်စစ်မီတာခံတိုးမြှင့်တဲ့အတွက် ဆန္ဒပြတဲ့သူတွေကို တရားမဝင် စီတန်းလည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ( ၁၈ ) နဲ့ အရေးယူနေတာတွေဟာ ရေရှည်အတွက်မကောင်းသလို၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်က ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းကလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

လျှပ်စစ်မီတာခ တိုးမြှင့်မယ့်အစီအစဉ် ရပ်ဆိုင်းထားရေးနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြတာတွေကို  RFA သတင်းထောက် ကိုဝင်းနောင်တိုးကသတင်းပေးပို့ထားပါ တယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတဲ့ကွန်ရက်တွေ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူတာကို ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။