လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ကို အရေးယူဖို့ လွှတ်တော်မှာ ဆွေးနွေးမည်


2016.09.22
pyonecho-620.jpg မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို အရေးယူဖို့ ပြည်သူ့လွှတ်တော်မှာ စက်တင်ဘာလ ၂၂ ရက်နေ့က ဒေါပုံမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခေါ်) ဦးပြုံးချို အဆိုတင်သွင်းစဉ်
.

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တချို့ကို ထိရောက်စွာအရေးယူဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒေါပုံမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခေါ်) ဦးပြုံးချိုက တင်သွင်းခဲ့ပြီး ကန့်ကွက်သူ မရှိတဲ့အတွက် ဆွေးနွေးဖို့ကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို အိမ်မဲ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ထောက်ခံ ဆွေးနွေးခဲ့ပြီး လက်ခံဆွေးနွေးဖို့အတွက် အတည်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄ဝ မှာရှိတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုဟာ အိမ်အကူ မိန်းကလေး နှစ်ယောက်ကို လစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အပေါ် လျော်ကြေးပေးပြီး ကျေအေးဖို့အတွက် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ညှိနှိုင်းပေးခဲ့တာကြောင့် ကော်မရှင်ကို အရေးယူဖို့ လွှတ်တော်မှာ အခုလို အဆိုတင်တာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတရုံးကလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက် အခြေအနေတွေကို လေ့လာနေပြီး အလေးထားစောင့်ကြည့်နေတယ်လို့ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်ပြီး ကျောက်တံတား ရဲစခန်းက တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်ခဲ့ပုံ အသေးစိတ်ကို တင်ပြဖို့လည်း ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ ပါရှိပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်ဖော်မိန်းကလေး နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝ စက်ချုပ်ဆိုင်ပိုင်ရှင် မိသားစုကို လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က အမှုဖွင့်အရေးယူထားပြီး ကျောက်တံတား ရဲစခန်းက တာဝန်ရှိသူတွေကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လျော်ကြေးပေးပြီး ကျေအေးဖို့ ညှိနှိုင်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင်တွေကိုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။