အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ဇွန် ၂၃ စတင်ဆွေးနွေးမည်
2015.06.18

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မ ၄ ခုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးက လာမယ့်ဇွန်လ ၂၃ရက်နေ့ကစပြီး ၃ရက်ကြာ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကက ပါဝင်ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်စာရင်းနဲ့ ဆွေးနွေးမယ့်ရက်ကို ဒီနေ့ အသိပေးကြေညာခဲ့ပါတယ်။
"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က) နဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၈ နဲ့အညီ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်းပေးသွင်းနိုင်ရန် ကြေညာခဲ့ပြီး ဆွေးနွေးရန်ကိုယ်စားလှယ် ၇၅ ဦး အမည်စာရင်း ပေးသွင်း ထားပါတယ်၊ ဆွေးနွေးရာမှာ ကိုယ်စားလှယ်တစ်ဦးကို ဆွေးနွေးရင် ၁ဝ မိနစ် သတ်မှတ်ထားမှာဖြစ်ကြောင်းနဲ့ သတ်မှတ်ချိန်အတွင်း ဆွေးနွေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇ ၊ ၁၃၉ တို့နဲ့အညီ အသိပေးတင်ပြအပ်ပါတယ်"
မူကြမ်းမှာ ပြင်ဆင်ထားတဲ့ ပုဒ်မ ၃၄ ခုထဲက ပုဒ်မ ၅၉(ဃ) (စ)၊ ပုဒ်မ ၆၀(ဂ)၊ ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၁၈ (ခ) တို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးထားတဲ့ ကိုယ်စားလှယ် ၇၅ ယောက်ထဲက ၅၃ ယောက်ကို ပြည်ထောင်စုလွှတ်တော် နာယက က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက အမည်စာရင်းတင်ထားသူ ၃၃ ယောက်ထဲက ၁၁ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ၂၆ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၃ဦးနဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၅၃ ဦးက တစ်ဦးကို ၁၀ မိနစ်စီ ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်တင်ပြထားတာ နားဆင်နိုင်ပါတယ်။