နိုင်ငံရေးသမားများကို ဖမ်းဆီးတဲ့ ဥပဒေရုပ်သိမ်းနိုင်ဖို့ ဆွေးနွေးမည်


2016.05.02
pyidu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပစဉ်
.

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီက ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို တင်သွင်း တာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်စိုးလင်းက တင်ပြခဲ့ပါတယ်။

"ဒီဥပဒေဟာဆိုရင် ၁၉၇၅ ခုနှစ် တစ်ပါတီစနစ် ကျင့်သုံးစဉ်က ပြဌာန်းခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဟာ အဲ့ဒီတုန်းက နိုင်ငံတော်၏ အချုပ်ခြာအာဏာနဲ့ နိုင်ငံတော်၏ လုံခြုံရေးကိုပါ ထိပါးနှောင့်ယှက်သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် လိုအပ်ပါက နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ကိုလည်း လိုအပ်သလို ကန့်သတ်နိုင်ရန် ပြဌာန်းခဲ့သည့် ဥပဒေဖြစ်ပါတယ်၊ ထိုကဲ့သို့ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကန့်သတ်ခြင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် ပြဌာန်းချက်များနှင့် ဆန့်ကျင်နေသောကြောင့် ရုပ်သိမ်းရခြင်းဖြစ်ပါတယ်"

တစ်ပါတီစနစ်မှာ ပြဌာန်းထားတဲ့ အဲ့ဒီဥပဒေဟာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေမှု မရှိတော့တဲ့အတွက် ပယ်ဖျက်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ကော်မတီရဲ့ လေ့ လာတေ့ွရှိချက် အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။

"နိုင်ငံတော်၏ အခြေခံမူများပါ ပြဌာန်းချက်နှင့် ညီညွတ်မှုမရှိခြင်း၊ နိုင်ငံသားများ၏ အခွင့်အရေး တစ်စုံတရာ သို့မဟုတ် အများကို ကန့်သတ်သည့် ဥပဒေဖြစ်သဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေခြင်း၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီခေတ်တွင် ပြဌာန်းထားသည့်ဥပဒေဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ နိုင်ငံတော်ဘေးအန္တရာယ်ကျချိန်တွင် ဆောင်ရွက်ရန်ပြဌာန်းထားသည့် ဥပဒေဖြစ်သော်လည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပေါ်ကာလပြဌာန်းချက်တွင် ဆောင်ရွက် ရန်လုပ်ငန်းစဉ်များ ပြဌာန်းပြီးဖြစ်သောကြောင့် ယင်းဥပဒေကို ဆက်လက်ကျင့်သုံးရန် မလိုအပ်တော့ခြင်း"

အဲ့ဒီဥပဒေဟာ အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင် တို့အပါအဝင် နိုင်ငံရေးသမားတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေဟာ လာမယ့် မေလ ၅ ရက်နေ့ နောက်ဆုံးထား ပြီး နာမည်စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဥပဒေပညာရှင်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။