သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်ရေး လမ်းညွှန်ချက် ဖြန့်ဝေ
2016.03.08

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ပယ်မဲမဖြစ်အောင် သတိထားသင့်တဲ့ အချက်တွေနဲ့ ဆန္ဒမဲလက်မှတ်ပုံစံတွေကို လွှတ်တော်ရုံးအသီးသီးက လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ဒီနေ့ ဖြန့်ဝေလိုက်ပါတယ်။
ဆန္ဒမဲပေးတဲ့အခါ ပယ်မဲမဖြစ်အောင် သတိပြုနိုင်ဖို့အတွက် ဖြန့်ဝေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က ပြောပါတယ်။
"ပြည်သူ့လွှတ်တော် နည်းဥပဒေမှာ ပြဌာန်းထားပြီးသားပါ၊ အဲ့ဒီ သမ္မတလောင်းရွေးချယ်လို့ တစ်ဦးထက်ပိုလာရင် ဆန္ဒမဲလက်မှတ်စနစ်ကိုနဲ့ အသုံးပြုပါမယ်၊ ၇ ချက်ကတော့ ပယ်မဲဖြစ်မယ့်အကြောင်းပေါ့၊ ကျန်တာကတော့ အမှန်ခြစ်ပါရင် ထောက်ခံမဲပေါ့"
ပယ်မဲဖြစ်နိုင်တဲ့ ဆန္ဒမဲလက်မှတ်တွေက တစ်ဦးထက်ပိုပြီး ထောက်ခံဆန္ဒပြုထားတဲ့ လက်မှတ်၊ ဘယ်သူ့ကိုမှ ဆန္ဒမပြုထားတဲ့ လက်မှတ်၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် လက်မှတ်မပါတဲ့ ဆန္ဒမဲလက်မှတ် စတာတွေဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် မတ်လ ၁၀ရက်နေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေဟာ ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းဖို့အတွက် အဆိုပြုလွှာပုံစံတွေကို လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံကနေ ထုတ်ယူရမှာပြီး လွှတ်တော်အသီးသီးမှာ တင်သွင်းရမှာဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၇ဦးနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယသမ္မတလောင်းစာရင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က တစ်ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တစ်ဦး စုစုပေါင်း ၃ဦး တင်သွင်းကြရမှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။