တောင်းဆိုရက်အတွင်း ပညာရေး ဥပဒေပြင်ဖို့ မဖြစ်နိုင်ကြောင်း လွှတ်တော်ကော်မတီပြော
2015.02.20

သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေတောင်းဆို ထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံး ထားပြီး အမျိုးသားပညာရေးဥပဒေကို လွှတ်တော် က ပြင်ဆင်ပြဌာန်းပေးဖို့ဆိုတာ အချိန်တိုတောင်းတဲ့ အတွက် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ရီက အခုလို ပြောပါတယ်။
"သူတို့နဲ့ကိုယ်တို့နဲ့ အရင်ဆုံး နားလည်အောင် ပြည့်ပြည့်စုံစုံကြားနာကြမှာပေါ့နော်၊ သူတို့ပြောတာနားထောင် ဒီဟာလေးနဲ့ ပတ်သက်လို့ ဘယ်လိုရှိလဲစသည်ဖြင့်၊ သူတို့သဘောထားလေးတွေမေး၊ ကိုယ်တို့ဘက်ကလည်း ရှင်းပြစရာလေးတွေရှင်းပြ၊ ပြီးရင်တစ်ခါ NNER တခါခေါ်၊ ကြားထဲမှာ ပြည်သူတွေ အဖွဲ့အစည်းတွေက တွေ့ချင်ပါတယ်ဆိုလည်း ကျနော်တို့က ဖိတ်မှာပဲ၊ လာတွေ့ပါ ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ ပိုကောင်းတာပေါ့"
အစိုးရ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ သပိတ်မှောက်ကျောင်း သူ ကျောင်းသားတွေ သဘောတူထားတဲ့ ၁၁ ချက်လုံးကို ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်းပြောပါတယ်။
အဲ့ဒီအတွက် NNER နဲ့ ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်တွေကို ဥပဒေကြမ်းကော်မတီက ခေါ်ယူတွေ့ဆုံ ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်။
လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဥပဒေကြမ်းတစ်ခုကို အချိန်တိုတိုအတွင်း အတည်ပြုပြဌာန်းဖို့ရာ မဖြစ်နိုင်ကြောင်းလည်း ဦးခင်မောင်ရီက ပြောပါတယ်။