လွှတ်တော်မှာ သတင်းထောက် အရေအတွက် ထိန်းချုပ်ကန့်သတ်
2016.02.05

နေပြည်တော် လွှတ်တော်အစည်းဝေးတွေကို သတင်းရယူတဲ့ မီဒီယာတွေအနေနဲ့ မီဒီယာတစ်ခုကို သတင်းထောက် ၅ ဦးအထိသာ အများဆုံး အမည်စာရင်းပေးသွင်းကြဖို့ ပြည်ထောင်စု လွှတ်တော်ရုံးက ညွှန်ကြားချက်ထုတ်ပြန် လိုက်ပါတယ်။
သတင်းမီဒီယာတွေက သတင်းထောက်အများအပြား အမည်စာရင်းပေးသွင်းထားမှုတွေ ရှိနေတာကြောင့် အခုလိုပြန်လည်စိစစ်ဖို့ အသိပေးတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ကပြောပါတယ်။
အခုက ကျနော်တို့ဆီမှာပို့ထားတာ လူတွေက ၆ဝဝ ကျော် ၇ဝဝ လောက်ရှိတယ်၊ တကယ်လာတာလည်း မဟုတ်ဘူး၊ အဲ့ဒါလေးတွေ နည်းနည်းဖောင်းပွတာပေါ့၊ တကယ်လာတဲ့လူ ဖြစ်စေချင်တာပေါ့၊ ငါးယောက်ဆို လုံလောက်ပါတယ်၊ လဲချင်တယ်ဆိုရင်လည်း လဲပေးလို့ရပါတယ်"
သတင်းမီဒီယာတွေအနေနဲ့ လွှတ်တော်အဆောက်အဦအတွင်း သတင်းရယူစဉ်မှာ အဝတ်အစားကို သေသေ သပ်သပ်ဝတ်ဆင်ဖို့၊ သတင်းမီဒီယာတွေအတွက် သတ်မှတ်ပေးထားတဲ့နေရာမှာသာ သတင်းရယူဖို့နဲ့ လွှတ်တော်ဝင်းအတွင်းက ကန့်သတ်နေရာတွေမှာ ခွင့်ပြုချက်မရဘဲ ဓါတ်ပုံ၊ ဗီဒီယို မရိုက်ကူးကြဖို့ကိုလည်း သတိပေးလိုက်ပါတယ်။
သတင်းမီဒီယာတွေအနေနဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို လွှတ်တော်အစည်းအဝေးခန်းမတွေမှာ တိုက်ရိုက်ရိုက်ကူးခွင့် ပြန်လည်ခွင့်ပြု၊ မပြုကိစ္စကို လွှတ်တော်ဥက္ကဌအသစ်တွေက ဆုံးဖြတ်ဆောင်ရွက် မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်နားရက်တွေမှာ မီဒီယာသမားတွေအနေနဲ့ ကြိုတင်တင်ပြချက်မရှိဘဲ လွှတ်တော်ဝင်းအတွင်း မဝင်ရောက်ဖို့ကိုလည်း အသိပေးထားပါတယ်။
အဲ့ဒီစည်းကမ်းချက်တွေကို လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်တွေ အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဆွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ( ၂ ) ဦးကျော်စွာမင်း နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဦးရဲမင်းဦးတို့ တွေ့ဆုံညှိနှိုင်းပြီး ရေးဆွဲခဲ့တာလို့ သိရပါတယ်။