လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ ချင်းမိုင်ကို ရောက်ရှိ
2012.08.16
သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တက္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက အာအက်ဖ်အေကို ပြောပါတယ်။
"အဓိကကတော့ ကျွန်တော်တို့ သင်တန်းကဗျာ။ Local Government ခေါ်တာပေါ့နော်။ ဒေသန္တရ အုပ်ချုပ်ရေးပေါ့၊ ဆိုတော့ အထူးသဖြင့် ပါတဲ့အမတ်တွေကတော့ ပြည်နယ်တိုင်းအဆင့်က အမတ်တွေပဲ များပါတယ်၊ မှန်းခြေ ၂၀ လောက်ရှိမယ်။ အကုန်အမတ်တွေချည်းပဲ မဟုတ်ဘူးဗျ။ တခြား နိုင်ငံရေး ပါတီတွေလည်း ပါတယ်ဗျ။ သူတို့တွေကတော့ အထူးသဖြင့် ချင်းမိုင် တက္ကသိုလ်က ဆရာတွေလည်း ပို့ချမယ်။ ပြီးတော့ ထိုင်းမှာလုပ်ခဲ့တဲ့ အောက်ခြေ ဒေသန္တရ အုပ်ချုပ်ရေး အတွေ့အကြုံတွေပါ သူတို့လေ့လာမယ်။ ကျွန်တော်တို့ကတော့ တချို့ သီအိုရီ သဘောမျိုး ပို့ချတာပါမယ်။ နောက်တခါကျတော့ တချို့ အုပ်ချူပ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ဟာမျိုး တချို့ ပို့ချတာပါမယ်"
ဒီသင်တန်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်၊ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်ဖြူဖြူငြိမ်း၊ မန္တလေးတိုင်း တံတားဦးမြို့နယ် ကိုယ်စားလှယ် ဦးနန်းထိုက်နဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကိုယ်စားလှယ် ဦးမြတ်မိုးမြင့်တို့ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။