လယ်သမားတွေဘ၀ တိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းဖို့ လွှတ်တော်ဥက္ကဌပြော


2013.04.10
thura-shwe-man-305.jpg UMFCCI မှာ ဧပြီလ ၁၀ ရက်နေ့ကကျင်းပတဲ့ တောင်သူ လယ်သမားအရေးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ သူရဦးရွှေမန်းကို တွေ့ရစဉ်
Photo: RFA

အစိုးရအနေနဲ့ စီးပွားရေးအောင်မြင်အောင် ဆောင်ရွက်မပေးနိုင် ရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအပေါ် ပြည် သူတွေက ယုံကြည်မှုနည်းပါးလာနိုင်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့မှာပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်းချုပ်ရုံး  UMFCCI မှာကျင်းပတဲ့ တောင်သူ လယ်သမားအရေးဆွေးနွေးပွဲမှာ သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။

"ဒီနေ့ ဒီမိုကရေစီစနစ် ပြောင်းလဲလာတဲ့နေရာမှာ စီးပွားရေးကို အောင်မြင်အောင် မလုပ်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးပြုပြုင်ပြောင်းလဲမှုအပေါ် ကျွန်တော်တို့အပေါ် ပြည်သူတွေ ယုံကြည်မှုနည်းရင် ကျွန်တော်တို့ သွားမယ့်လမ်းမှာ အနှောင့်အယှက်ဖြစ်မယ်၊ ဒီစနစ်ကိုထူထောင်ချင်တယ်ဆိုရင် ဆင်းရဲနေတဲ့ ပြည်သူတွေကို ချမ်းသာအောင်ထက် လောလောဆယ် စားဝတ်နေရေး အဆင်ပြေမှုဖြစ်အာင် လုပ်ပေးဖို့လိုပါလိမ့်မယ်"

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူ လယ်သမား အများစုဟာ ဆင်းရဲလွန်းတဲ့အတွက် သူတို့တွေရဲ့စားဝတ်နေရေး ပြေလည်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို လယ်သမား အခွင့်အရေး ဥပဒေကြမ်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး၊ လယ်သမားတွေအတွက် လုံလောက်တဲ့ ချေးငွေတွေရရှိဖို့၊ အကြောင်းပြချက်မရှိပဲ လယ်ယာမြေ သိမ်းယူတာတွေမပြုလုပ်ဖို့နဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ပညာရပ်တွေကို တိတိကျကျနဲ့ လက်တွေ့ ကူညီဆောင်ရွက်ပေးဖို့စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။