သမ္မတရဲ့သဘောထား လွှတ်တော်မှာ ရှုံးနိမ့်
2014.01.17

အထူးစီးပွားရေးဇုန်တွေ အကောင်အထည်ဖေါ်တာနဲ့ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရမယ် ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ဆီ ပြင်ဆင်ချက်နဲ့ပေးပို့ခဲ့ရာမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တဲ့အတွက် သမ္မတရဲ့သဘောထား ရှုံးနိမ့်ခဲ့ပါတယ်။
တိုင်းပြည်အတွက် အရေးကြီးတဲ့လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ပေးမှ တိုင်းပြည်အတွက် အကျိုးရှိမှာဖြစ်တယ် လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
"အထူးစီးပွားရေးဇုန်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်ကြီးက ဝင်ရောက်ဆောင် ရွက်မယ်ဆိုတဲ့ သဘောထားမျိုးမဟုတ်ပါဘူး။ စတင်ထူထောင်တဲ့ အချိန်မှာသာ အင်မတန်အရေးကြီးတဲ့ ကိစ္စရပ်များဖြစ်လို့ အထူးစီးပွားရေးဇုန် အဆင့်မြှင့်တင်ခြင်း၊ အထူးစီးပွားရေးဇုန် စတင် တည်ထောင်ခြင်း စတဲ့ကိစ္စရပ်များမှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကပါ ဒါကိုလေးလေးနက်နက် စဉ်းစားပြီးတော့ အတည်ပြုပေးနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိတဲ့ကိစ္စရပ်တွေ ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်"
အဲ့ဒီဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ရာ လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံတာကြောင့် မူလလွှတ်တော်က ပြဌာန်းချက်အတိုင်း မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေမူကြမ်းကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဆဋ္ဌမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့တာကြောင့် အသစ်ပြန်လည်ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်သမ္မတက ပြန်လည်ပေးပို့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းပြင်ဆင်သည့်ဥပဒေအတွက် အကြံပြုချက် ၁၆ ချက်ထဲက ၂ ချက်ကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ဆွေးနွေးပွဲမှာ လက်ခံအတည်ပြုပြဌာန်းလိုက်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာနားဆင်နိုင်ပါတယ်။