လွတ်လပ်စွာ သတင်းရယူခွင့်အဆို လွှတ်တော်မှာ ရှုံးနိမ့်


2015.02.06
phyo-min-thein-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်
Photo: RFA

သတင်းမီဒီယာသမားတွေ အစိုးရဌာနဆိုင်ရာတွေမှာ သတင်းယူတဲ့အခါ လွတ်လပ်စွာ သတင်းရယူခွင့်ရှိဖို့ အတွက် အစိုးရက ဆောင်ရွက်ပေးဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဒီနေ့ ပြည် သူ့လွှတ်တော်မှာ တင်သွင်းရာမှာ အဆိုရံှုးနိမ့်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာသမားတွေရဲ့ အခက်အခဲတွေကို အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"ယခုကာလမှာ သတင်းမီဒီယာသမားများဟာ မိမိတို့ရဲ့ တာဝန်တစ်ရပ်ရပ်ဖြင့် အများပြည်သူသို့ သတင်းများ တင်ပြရေးသားနိုင်ဖို့အတွက် ဆောင် ရွက်တဲ့နေရာမှာ အစိုးရဝန်ကြီးဌါနများ၊ ရဲစခန်း များ စတဲ့အဖွဲ့အစည်းများနဲ့ သက်ဆိုင်တဲ့ နေရာဒေ သများကို သွားရောက်သတင်းယူတဲ့နေရာမှာ မချေမငံဆက်ဆံခံရခြင်း၊ နေရာထိုင်ခင်းမပေးခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ မောင်းထုတ်ခံရခြင်း၊ တားမြစ်ခံရခြင်းများကို တွေ့ကြုံနေရတယ်လို့ သိရှိရပါတယ်၊ ဒီလိုအချက်အလက်တွေကြောင့် နိုင်ငံ တကာအလယ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာကျဆင်းမှာ အထူးပဲစိုးရိမ်မိပါတယ်"

ဦးဖြိုးမင်းသိန်းရဲ့ အဆိုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက အစိုးရအနေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ပူးတွဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း လွှတ်တော်မှာ ပြောခဲ့ပါတယ်။

"ကျနော်တို့ သတင်းမီးဒီယာသမားများဘက်ကလည်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ပြန်ထားရှိပြီဖြစ်တဲ့ သတင်းမီဒီယာကျင့်ဝတ်များနဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာ ကြမယ်ဆိုရင် တရားစွဲဆိုခံရခြင်း မရှိပါကြောင်း တင်ပြအပ်ပါတယ်၊ သတင်းမီဒီယာများအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရဘက်ကလည်း စာနယ်ဇင်းဥပဒေများနဲ့အညီ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ပူးပေါင်းပြီး ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်"

ဦးဖြိုးမင်းသိန်းရဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲက ၂ဝဝ ကျော်ရှိပြီး ထောက်ခံမဲက ၅ဝ ကျော်ရှိတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။