လွှတ်တော်စပြီ

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2012.07.04
nld-pm-oath-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့ ကျမ်းသစ္စာ ကျိန်ဆိုနေကြစဉ်။
AFP

ဒီကနေ့ အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်ရှိနေသေးတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်းတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခွင့်ယူထားတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့မှ လွှတ်တော်အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

"လွှတ်တော်ကပေါ့လေ၊ ဒီကနေ့ အတော်တန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာကို တွေ့ရပါတယ်။ တကယ့် နိုင်ငံအရေးပေါ့လေ။ ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေက တော်တော် ထက်ထက်သန်သန်ပေါ့။ ဆွေးနွေးကြတာ တွေ့ရပါတယ်။ NLD ကလည်း တင်သွင်းဖို့ အဆိုတင်ထားတွေ ရှိတယ်။ ဒီနေ့ အစီအစဉ်မှာတော့ မပါသေးဘူး"

အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီက ရခိုင်ပြည်နယ်က အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး NLD ပါတီက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။

ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဇလွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဝန်ကြီးဟောင်း ဦးတင်ထွဋ်က လယ်ယာမြေတွေ သိမ်းဆည်းခံရခြင်း ကိစ္စရပ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာဖော်ထုတ်ဖို့ နဲ့ တောင်သူလယ်သမားတွေ နစ်နာမှု မရှိစေရေးကို တရားမျှတစွာ ဖြေရှင်းပေးဖို့အဆို တင်သွင်းခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို ဥပဒေပြုစုရေး ကော်မတီက တင်သွင်းအဆိုပြု တင်သွင်းကြောင်းနဲ့ ဥပဒေနဲ့အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်း ကိစ္စကိုလည်း ဆွေးနွေးကြကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။