ပုဂ္ဂလိက ဆေးရုံစီမံကိန်း ရပ်ဆိုင်းဖို့ လွှတ်တော်ဆုံးဖြတ်


2016.05.12
pyidu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေမှာ ပုဂ္ဂလိကဆေးရုံ တည်ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ရေကြည်မဲဆန္ဒနယ် ဒေါက်တာစံရွှေဝင်းက အဲ့ဒီမြေနေရာဟာ အစိုးရပိုင်မြေဖြစ်ပြီး ပုဂ္ဂလိကကို နှစ် ၅ဝ ငှားရမ်း တာဟာ ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ အများပြည်သူအကျိုးမပါတဲ့အတွက် ပယ်ဖျက်ပေးဖို့ အဆိုတင်ထားတာ ဖြစ် ပါတယ်။ ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက အဲ့ဒီအဆိုကို ထောက် ခံဆွေးနွေးခဲ့ပါတယ်။

"ကျနော်တို့အနေနဲ့ ကျွမ်းကျင်အရကြည့်မည်ဆိုရင် အဘက်ဘက်ကို ကျနော်စဉ်းစားတယ်၊ postive ရော negative ရော အားလုံးစဉ်းစားရင်တော့ ကျနော့်အနေနဲ့ ထောက်ခံပါတယ်ခင်ဗျ"

တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးရာမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှမှတ်ချက်ပြု ဆွေးနွေးတာ မလုပ်ပေမယ့် မြန်မာနိုင်ငံမှာ  နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကဆေးရုံတွေများများ လိုအပ်နေတဲ့အကြောင်း လက်ရှိ အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အများပြည်သူတွေအတွက် ဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်သေးကြောင်း ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က သဘောတူစာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီဘက်က အမေရိကန်ဒေါ်လာ တစ်သောင်း သုံးထောင်ကျော်ကို ကမ္ဘောဇဘဏ်မှာ သွင်းခဲ့ကြောင်း၊ ပြီးခဲ့တဲ့ မတ် ၃ဝ ရက်နေ့က မြေအသုံးချမှု ပရီမီယံရဲ့ ၃ဝ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော်ကို ပေးသွင်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက် တာမြင့်ထွေးက ပြောပါတယ်။

အဲ့ဒီမြေနေရာမှာ ANP Construction နှင့် Parkway တို့က ပူးပေါင်းပြီး ကုတင် ၂၅ဝ ရှိမယ့် ဖက်စပ်ဆေးရုံ တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မြေအကျယ် ၄ ဒသမ ၃ ဧကပေါ်မှာ တစ်စတုရန်းမီတာကို တနှစ်ငှားရမ်းခ ၄ ဒသမ ၅ ဒေါ်လာနှုန်းနဲ့ ပထမအဆင့် နှစ်ငါးဆယ်နဲ့ နောက်ထပ် ၁ဝ နှစ် ၂ ခါ ငှားရမ်းခွင့် ရှိတာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းဟာ Singapore အခြေစိုက်ကုမ္ပဏီနဲ့ ဖက်စပ်ဖြစ်ပြီး မြန်မာနိုင်ငံဘက်က UMFCCI ဥက္ကဌ ဦးဝင်းအောင် နဲ့ တခြားလုပ်ငန်းရှင်တချို့က ရှယ်ယာပါဝင်ထားပါတယ်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ အစိုးရပိုင်မြေနေရာကို ပုဂ္ဂလိကထံ နှစ်ရှည်ဌားရမ်းပြီး ဆေးရုံတည်ဆောက်မယ့်ကိစ္စ ရပ်ဆိုင်းပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီး ကန့်ကွက်သူမရှိတဲ့အတွက် ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။