ဦးသိန်းစိန် စာရင်းတင်သော ဝန်ကြီး ၃၀ ကို လွှတ်တော် အတည်ပြု
2011.02.11

ဒီလို အတည်ပြုရာမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုခဲ့တာ ဖြစ်ပြီး ဘယ်သူက ဘယ်ဝန်ကြီး ဌာနကို တာဝန်ယူမလဲ ဆိုတာ တိတိကျကျ တင်ပြမထားဘူးလို့ တက်ရောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
အဲဒီနောက် စစ်အစိုးရ ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ခုံအဖွဲ့ဝင် ၉ ဦး ကို သမတနဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးက တင်သွင်းခဲ့တယ်လို့ လွှတ်တော်တက်ခဲ့တဲ့ NDF ပါတီရဲ့ သင်္ဃန်းကျွန်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံအဖွဲ့ဝင် ၉ ဦးကို သမတက ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၃ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၃ ဦးစီ အမည်စာရင်း တင်သွင်းတယ်လို့ ဆိုပါတယ်။
သမတ ဦးသိန်းစိန် တင်သွင်းတဲ့ ပုဂ္ဂိုလ်တွေက ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး၊ ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်တို့ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တင်သွင်းတဲ့ ပုဂ္ဂိုလ်တွေကတော့ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်းတို့ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ တင်သွင်းတဲ့ ပုဂ္ဂိုလ်တွေကတော့ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီတို့ ဖြစ်ပါတယ်။
ဒီနေ့ အဆိုတင်တဲ့ ခုံအဖွဲ့ဝင် ၉ ဦးကို လာမဲ့ တနင်္လာနေ့မှာ လွှတ်တော်က ဆုံးဖြတ် အတည်ပြုမှာ ဖြစ်ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖိတ်ထားတဲ့ မနက်ပိုင်း ကျင်းပမဲ့ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ညစာစားပွဲကို အမတ်တွေ တက်ရောက်မှာ ဖြစ်ပြီး၊ အဲဒီပွဲတွေအတွက် ရန်ကုန်အခြေစိုက် ဂျာနယ် ၅ စောင်ကို သတင်းယူဖို့ ဖိတ်ထားတယ်လို့ သိရပါတယ်။