မြန်မာလွှတ်တော်အမတ် ၁၂ ဦး ပြန်လွှတ်ပေးဖို့ ကမ္ဘာ့ ပါလီမန်သမဂ္ဂ တောင်းဆို
2010.10.07

အခုလို နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က တောင်းဆိုတာကို ထောက်ခံ ပူးပေါင်းပါဝင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်၊ NCGUB ဝန်ကြီးတဦးလည်း ဖြစ်တဲ့ ဦဘိုလှတင့်က အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ဒီ IPU လို့ခေါ်တဲ့ ဒီ Inter Parliamentary Union ပေါ့နော၊ နိုင်ငံတကာ ပါလီမန်များ သမဂ္ဂအဖွဲ့နဲ့ မြန်မာနိုင်ငံအရေးကို ပူးပေါင်းဆောင်ရွက်ခဲ့တာ ကြာပါပြီ။ အဲဒီတော့ ဒီနှစ် အခုတခါ တောင်းဆိုမှုဟာလည်းပဲ တကယ်တမ်း မြန်မာနိုင်ငံမှာ တရားမျှတပြီးတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ အနေအထား ဖြစ်ဖို့ ဆိုခဲ့လို့ ရှိရင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်ကိုလွှတ်ပေးရမယ် ဆိုပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အပြည့်အဝလည်း ပူးပေါင်း ထောက်ခံထားပါတယ်။”
မြန်မာနိုင်ငံမှာ စစ်အစိုးရ ပြုလုပ်တဲ့ ရွေးကောက်ပွဲအပေါ် များစွာ သံသယရှိကြောင်း။ ဒီရွေးကောက်ပွဲဟာ ရိုးသားပြီး မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထပ်ဟပ်ပါရဲလား ဆိုတဲ့အချက်ကို များစွာသံသယ ဖြစ်မိကြောင်း IPU က ပြောဆိုထားပါတယ်။
ဒီအကျဉ်းကျနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရားမျှတမှု မရှိတဲ့ တရားရုံးတွေက အပြစ်ဒဏ် စီရင်တာကို ခံထားရသူတွေ ဖြစ်တယ်လို့လည်း IPU အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မက္ကဆီကို ဆီးနိတ်လွှတ်တော်အမတ် မစ္စ ရိုစီရို ဂရင်း (Rosario Green) က ပြောဆိုခဲ့ပါတယ်။