ရွေးကောက်ပွဲ အတွေ့အကြုံ ပါတီတွေ ဆွေးနွေးဖလှယ်


2015.12.17
parties-elections-experience-620.jpg နိုင်ငံရေးပါတီတွေရဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေ ဆွေးနွေးဖလှယ်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပစဉ်
Photo: Zarni Htun/RFA

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ကို ဆွေးနွေးဖလှယ်တဲ့ အခမ်းအနားမှာ နိုင်ငံရေးပါတီငယ်တွေက ရန်ပုံငွေ အခက်အခဲရှိခဲ့တာတွေ ဆွေးနွေးခဲ့ ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ဒိန်းမတ်အခြေစိုက် Danish Institute for Parties and Democracy (DIPD) က ဦးစီးပြီး ရန်ကုန်မြို့ Novotel Hotel မှာ နှစ်ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီငယ်တွေမှာ ရန်ပုံငွေ မပြည့်စုံတဲ့အတွက် ပါတီဝင်စုဆောင်းရာမှာ အခက်အခဲရနေ တာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင် ဦးကျော်လွင်က ပြောပါတယ်။

"ပါတီကြီးတွေကလွဲပြီးတော့ တိုင်းရင်းသားပါတီအများစုက ငွေကြေးအခက်အခဲရှိကြောင်းကို ဆွေးနွေးကြ ပါတယ်၊ ကျနော်တို့ဒေသမှာ တိုင်းရင်းသားပါတီအများစုက လူမျိုးစုပါတီအများစုက ပါတီဝင်ကြေးကို ကောက် ရတာ အခက်အခဲရှိပါတယ်၊ ပါတီကြီးတွေမှာ နောက်ခံရန်ပုံငွေ ရှိတဲ့အတွက်ကြောင့် ပါတီဝင်တွေကို ပါတီဝင် ကတ်တွေ အလကားထုတ်ပေးနိုင်တယ်၊ သူတို့ သွားတာလာတာ စားတာကအစ ပါတီက ပံ့ပိုးပေးနိုင်ပါတယ်၊ ကျနော်တို့ပါတီဝင်တွေကို အဲ့လိုပံ့ပိုးမပေးနိုင်ပါဘူး၊ ကျနော်တို့ဒေသ အင်မတန် ဆင်းရဲတဲ့အတွက်ကြောင့် သူတို့အတွက်လည်း ပြန်လည်စဉ်းစားပေးရပါတယ်"

အဲဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးပါတီတွေရဲ့ ပါဝင်မှု၊ ပါတီတွေရဲ့လုပ်ဆောင်ချက်၊ ရန်ပုံငွေ သုံးစွဲမှု စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ အပြန်အလှန် သုံးသပ်ချက်တွေအပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည် တွင်း ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့၊ ရွေးကောက်ပွဲမှာ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ ပါဝင် မှုတွေကိုလည်း ပြန်လည်သုံးသပ်မှာဖြစ်ပါတယ်။

အဲဒီ့သုံးသပ်ချက်တွေကို နိုင်ငံရေးပါတီတွေကို ဖြန့်ဝေပေးမှာဖြစ်ပြီး၊ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ပြည်ထောင် စု ရွေးကောက်ပွဲကော်ရှင်ထံ တင်ပြမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

DIPD က စီစဉ်ခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲနဲ့ ပတ်သက်ပြီး၊ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။