ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဒီမိုကရက်တစ် မိတ်ဆွေပါတီများ အဖွဲ့က ပြင်ဆင်
2011.07.05

(Photo: RFA)
ဒီမိုကရက်တစ် မိတ်ဆွေ ပါတီများ အဖွဲ့ အနေနဲ့ ပါတီ အချင်းချင်း အကူအညီ ပေးပြီး လူမထပ်အောင် ဝင်ရောက် ယှဉ်ပြိုင် သွားမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီရဲ့ ဥက္ကဌ ဦးသိန်းတင်အောင်က ပြောပါတယ်။
"စုစုပေါင်း ပါတီပေါ့နော် တချို့ပါတီတွေရာထားချက် တင်နိုင်တယ်။ တချို့ပါတီတွေက မတင်နိုင်သေးဘူးပေါ့နော်။ လောလောဆယ်တော့ ၃၈ နေရာလောက် ရာထားတယ်ပေါ့။ အဲဒီနေရာမှာ ထပ်တဲ့ဟာလေးတွေကို ကိုယ့်အချင်းချင်း ပြန်ဆွေးနွေးပြီးတော့ အဓိက ကတော့ မထပ်အောင်ပေါ့ဗျာနော်။ ကျနော်တို့ မိတ်ဆွေပါတီ အချင်းချင်း အဲဒီ မဲဆန္ဒနယ် တနယ်ထဲမှာ မထပ်ရေးမူ အရ မထပ်အောင် လုပ်ပီးတော့ ဝင်ပြိုင်နိုင်အောင်၊ နောက်ပီးတော့ ကိုယ်စားလှယ်လောင်း တယောက်ထဲကို ကျန်တဲ့ပါတီတွေက ဝိုင်းပီးတော့ ကူညီနိုင်အောင် ကျနော်တို့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။"
ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ကို ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ် ပါတီ-မြန်မာ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီတို့ အပြင် တိုင်းရင်းသား ပါတီ ၅ ခုအပါအဝင် စုစုပေါင်း ပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အဖွဲ့ဝင် ကရင် တိုင်းရင်းသား ပါတီတခု ဖြစ်တဲ့ ဖလုံ စဝေါ် ပါတီဟာ သမ္မတ ဦးသိန်းစိန် အနိုင် ရရှိခဲ့တဲ့ နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ်က တစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်ဟောင်း တဦး ဖြစ်တဲ့ လွှတ်တော် အမတ် ဦးသိန်းညွန့်က အမျိုးသား ဒီမိုကရေစီ ပါတီသစ် အမည်နဲ့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်မှာ မနေ့က ပါတီ မှတ်ပုံတင် လျှောက်ထားလိုက်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
"ကျနော်တို့ ဇူလိုင် ၄ ရက်နေ့ ၁၀ နာရီ ၄၂ မိနစ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ကျနော်ရယ်၊ ရန်ကုန်တိုင်း ဒေသကြီး အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ရယ် အပါအဝင်ပေါ့။ ကျနော်တို့ လေးဦးပေါ့။ ကော်မရှင်ရုံးမှာ သွားရောက်ပြီးတော့ မှတ်ပုံတင် ပါတယ်။ အမှတ်စဉ် ၄၅ နဲ့ ကော်မရှင်က ကျနော်တို့ တင်ပြတဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် တည်ထောင်ခွင့် လျှောက်ထားခြင်း လျှောက်လွှာကို မနေ့က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။"
နိုင်ငံရေး ပါတီတွေ အနေနဲ့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တနိုင်ငံလုံး လွှတ်တော် အမတ် နေရာ ၅၀ နီးပါး အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ ပါတီသစ် အနေနဲ့ ရန်ကုန်တိုင်း အတွင်း ၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်ခဲ့ရင် အခု တည်ထောင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီကို ဖျက်သိမ်းပြီး အန်အယ်လ်ဒီနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ထားကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ဦးသိန်းညွန့် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |