ဝန်ကြီးများရုံးဟောင်း ပါတီလုပ်မှု ဝေဖန်မှု များပြား
2015.03.23

ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဝန်ကြီးများရုံးဟောင်း (အတွင်းဝန်ရုံး) မှာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ညက မွေးနေ့ပါတီပွဲကျင်းပခဲ့တဲ့ အတွက် ပြစ်တင်ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အဖွဲ့ဝင် ဝန်ကြီးဟောင်း ဗိုလ်ချုပ်ထွန်းကြည် (အငြိမ်းစား) ရဲ့သမီးဖြစ်သူ မသီသီထွန်းရဲ့ မွေးနေ့ ပါတီပွဲလို့ လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ်မှာ ရေးသားနေ ကြပါတယ်။ ဝန်ကြီးများရုံး အနီးဝန်းကျင်မှာရှိနေသူတွေ ကို မနေ့ညက RFA က မေးမြန်းရာမှာ ပါတီပွဲကျင်းပ ခဲ့တာသေချာကြောင်း ပြောပါတယ်။
ဒီသမိုင်းဝင်အဆောက်အဦးကို မူလက အနော်မာ ကုမ္ပဏီကို ဟိုတယ်အဖြစ် နှစ်ရှည်ငှားရမ်းခဲ့ပြီး အများပြည်သူတွေက ကန့်ကွက်တာကြောင့် ပြတိုက်အဖြစ်သာ အသုံးပြုဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောင်းလဲဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT အနေနဲ့ ပြန်လည်စိစစ်သင့်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ YHT အဖွဲ့ကတော့ သူတို့ဟာ နည်းပညာဆိုင်ရာ အကြံဉာဏ်ပေးတဲ့အဖွဲ့သာဖြစ်ပြီး စီမံခန့်ခွဲပိုင်ခွင့်ရတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း ဒီနေ့ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
အတွင်းဝန်ရုံး ပြုပြင်မွန်းမံရေးဆိုင်ရာကိစ္စတွေကို တချိန်က ဗိုလ်ချုပ်ထွန်းကြည် (အငြိမ်းစား) မိသားစုဝင်တွေက လုပ်ပိုင်ခွင့် (ကန်ထရိုက်) ရရှိထားတာဖြစ်ပြီး အနော်မာကုမ္ပဏီကို သူတို့မိသားစုပိုင်ဆိုင်တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။