နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားချက် ကော်မရှင်က အကြောင်းမပြန်သေး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဇိုမီးအမျိုးသားကွန်ဂရက်စ်နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားခဲ့ပေမယ့် အခုချိန်ထိ ကော်မရှင်က တစ်စုံတစ်ရာ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

2012.04.06
aye-thar-aung-305 ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်။ (Image: RFA)
(Image: RFA)

ဒီပါတီတွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး နောက်ပိုင်းမှာ စစ်အစိုးရ ဖျက်သိမ်းတာ ခံလိုက်ရတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။

ကြန့်ကြာနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို အခုလိုပြောပါတယ်။

"အမှန်ကတော့ သူတို့ပြောတာက တစ်လလောက်ဆိုရင် ရမယ်လို့ ပြောတာပဲ။ အခုတစ်လကျော်ပြီ အကြောင်းမကြားသေးဘူး။ ရွေးကောက်ပွဲနဲ့များ ကော်မရှင်က အလုပ်များနေလို့လား။ နောက် ဇိုမီးတို့ SNLD တို့က ကျွန်တော်တို့ထက် နောက်ကျတယ်။ တစ်လလောက်ကျော်သွားတယ်။ မကျသေးဘူး"

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကော်မရှင်ကို တင်ပြထားတာဖြစ်ပြီး၊ နောက်တစ်ပတ်လောက်အကြာမှာ ဇိုမီးအမျိုးသားကွန်ဂရက်စ်နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က မရှေးမနှောင်းမှာပဲ ပါတီပြန်လည် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။

ဒါ့အပြင် သူတို့နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ကချင်အမျိုးသားကွန်ဂရက်စ် KNCD ပါတီတို့လည်း ပြန်လည်မှတ်ပုံတင်မယ့် အစီအစဉ်ရှိနေကြတယ်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခွင့်ရပြီးရင် လယ်သမားအရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားဖို့ စဉ်းစားထားတယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။