မြစ်ကြီးနားမြို့မှာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး ဖွင့်လှစ်
2014.01.03

ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလ ၂ ရက်နေ့ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီး နိုင်ငံကူး လက်မှတ် Passport တွေကို ထုတ်ပေးနိုင်တော့ မှာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ တိုင်းရင်း သားပြည်သူအားလုံး နိုင်ငံကူးလက်မှတ်တွေကို အလွယ်တကူ ကိုင်ဆောင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဖွင့်လှစ်ရတာလို့ မြစ်ကြီးနားမြို့ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ တာဝန်ခံ ရဲအုပ် ဦးဝင်းမြင့်က ပြောပါတယ်။
“၂ ရက် ၁ လ ၂ဝ၁၄ ရက်နေ့ ဝ၉ဝဝ ကနေ စပြီးတော့ ပြည်နယ်နဲ့တိုင်းမှာ အားလုံး ၁၅ ခု တပြိုင်နက်ဖွင့်နေပြီ၊ အဓိကကတော့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ပြည်သူတွေ အမြန်ဆုံးနဲ့ အလွယ်တကူ သက်တောင့်သက်သာရရှိအောင် ရည်ရွယ်ချက်နဲ့ ထုတ်ပေးရခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ကုန်ကျစရိတ်က အားလုံးအပြီး အစီး ပေါင်းလိုက်တဲ့အခါမှာ ၂၅ဝဝဝ နီးပါးပေါ့၊ ဒါတရားဝင်ပဲ၊ ဒီ့ထက်ပိုပေးလို့လည်း မရဘူး၊ ပိုလည်းကောက်လို့ မရဘူး၊ အဲဒီပတ်စ်ပို့တွေ တရားဝင် သီးခြားလေဆိပ်ကပဲ ထွက်ခွင့်ရှိတယ်၊ နယ်စပ်ဂိတ်ကနေ ထွက်ခွင့်မရှိဘူး၊ တရားဝင်ဗီဇာယူပြီးမှပဲ ထွက်ခွင့်ရှိတယ်၊ ပုံစံ ၁၇ မလိုတော့ဘူး၊ ပညာရေးကင်းရှင်းကြောင်းလည်း မလိုတော့ဘူး၊ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းရှိတဲ့လူ မည်သူမဆို မြစ်ကြီးနားမှာတင် မဟုတ်ဘူး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်နယ်နဲ့တိုင်းက လူတွေကလည်း ဒီမှာရောက်လို့ရှိရင် ထုတ်ပေးဖို့ညွှန်ကြားထားတယ်”
ငါးနှစ်သက်တမ်းရှိတဲ့ အဲဒီ နိုင်ငံကူးလက်မှတ်တွေကို စတင်လျှောက်တဲ့ရက်ကစလို့ ၁၀ ရက်ပြည့်တဲ့နေ့မှာ လာရောက်ထုတ်ယူနိုင်ပြီး မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မှာ လာရောက်လျှောက်ထားသူ ၁၀ ယောက်ကျော်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲတွေကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ်တွေကို သင်္ဘောသားပတ်စ်ပို့၊ အလည်အပတ်၊ ပညာရေးနဲ့ စီးပွားရေပတ်စ်ပို့ စသဖြင့် အမျိုးအစား ၇ မျိုးခွဲပြီး ထုတ်ပေးနေတာ ဖြစ်ပါတယ်။