ပုသိမ်မြို့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ
2012.05.25

ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုချစ်အေးက အခုလို ပြောပြပါတယ်။
"ကျွန်တော်တို့က လက်ရှိကတော့ ၂၄ နာရီ လျှပ်စစ်မီး ရရှိဖို့ပေါ့နော်။ လျှပ်စစ်မီးရတဲ့ အခါကျတော့ ဘာပဲဖြစ်ဖြစ် မီးရေးထင်းရေးလည်း အဆင်ပြေတာပေါ့။ တိုင်းပြည်အတွက်လည်း တိုးတက်တယ်။ အဆင်ပြေတာပေါ့။ ဒီရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ဆီမှာ မှောင်နေပြီး သူတို့ဆီမှာ လင်းနေပါတယ်ခင်ဗျ။ အနှစ် ၂၀ ပေါ့ဗျာ။ ဒီစစ်အုပ်ချုပ်ရေး လက်ထက်ကတည်းက ဖြစ်နေတာ။ ဒါပေမဲ့ ရွေးကောက်ပွဲတွေ နီးလာချိန်တော့ မီးတွေမှန်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးကတည်းက စပျက်နေတာ အခုချိန်ထိပါပဲ"
လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းကြောင့် လျှပ်စစ်ရုံးနဲ့ တခြားနေရာတွေမှာ လုံခြုံရေးအင်အား အတော်များများချထားပြီး ပုသိမ်တစ်မြို့လုံးကိုလည်း လျှပ်စစ်မီးပေးထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ လျှပ်စစ်ရုံးရှေ့ ဆန္ဒပြပြီးတဲ့နောက် ရွှေမုဋ္ဌောဘုရားကို တက်ရောက်ပြီး ဆီမီးပူးဇော်ခဲ့ ကြပါတယ်။ ဆန္ဒပြသူ အင်အား (၅၀) ကျော်လောက်ရှိခဲ့ပြီး လာရောက်အားပေးသူ အတော်များကြောင်း သိရပါတယ်။ ပုသိမ်မှာ ပုံမှန် လျှပ်စစ်မီးရတဲ့အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက ပြောဆိုပါတယ်။