ပုသိမ်မြို့က ပညာဒါနကျောင်း ဖယ်ရှားဖို့ အာဏာပိုင် ဖိအားပေး
2015.03.22

အမျိုးသားပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းသပိတ်စစ်ကြောင်း စတင်စုရုံးခဲ့တဲ့ ပုသိမ်မြို့ ဇေယျဝတီလမ်းက အခမဲ့ ပညာဒါနကျောင်း ကို အာဏာပိုင်တွေ ဖိအားပေးတဲ့အတွက် ဆက်မငှား တော့ကြောင်း အိမ်ရှင်က အကြောင်းကြား ထားတယ်လို့ သပိတ်စစ်ကြောင်း ဝန်းရံကော်မတီက မနေ့က ပြောပါတယ်။
အိမ်ရှင်ဟာ ငပုတောမြို့နယ် ကျွန်းကလေးရွာကဖြစ်ပြီး အဲ့ဒီကျောင်းကို ဆက်ငှားရင် ချိတ်ပိတ်ပစ်မယ်လို့ တိုင်းဒေသကြီးအစိုးရက နီးစပ်ရာကတဆင့် ပြော လာတဲ့အတွက် ဆက်မငှားနိုင်တော့ကြောင်း၊ ပညာဒါန ကျောင်းကို အကြောင်းကြားလာတာလို့ သိရပါတယ်။
ဧရာဝတီသပိတ်စစ်ကြောင်းဟာ သပိတ်နားထားပေမဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ဖြေရှင်းပုံကို စောင့်ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ အဲ့ဒီပညာဒါနကျောင်းမှာ စောင့်ကြည့်ရေး စခန်းဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။
ဧရာဝတီသပိတ်စစ်ကြောင်း ပန်းတနော်မြို့ကို ရောက်ရှိချိန်က တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေဟာ ကျောင်း သားတွေနဲ့ တွေ့ဆုံပြီး၊ သပိတ်စစ်ကြောင်း ဝန်းရံသူတွေနဲ့ အကူအညီပေးသူတွေကို အရေးမယူဘူးလို့ ပြောကြား ခဲ့ကြောင်း သိရပါတယ်။