အင်းလေလံတွေကို ကန့်ကွက်ဆန္ဒပြ
2016.09.16

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မှာရှိတဲ့ မြို့နယ် ၅ ခုက ငါးမွေးမြူရေးလုပ်ကိုင်တဲ့ အင်းလုပ်ကွက်တွေကို အမှန်တကယ် မလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ဒေသခံ ၇၀၀ ကျော်က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ငါးမွေးမြူရေးလုပ်ကွက်တွေ ချပေးတဲ့အခါ အားလုံးမျှမျှတတဖြစ်ဖို့အတွက် ရေလုပ်သားသမဂ္ဂတွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းထားပေမယ့် လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေး လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ လေးမျက်နှာမြို့နယ် ရွှေပေါက်ပင်ကျေးရွာက ကိုသိန်းထိုက်ဦးက ပြောပါတယ်။
"ဒီပြဿနာတက်တဲ့ အင်းအကုန်လုံးကို ရေလုပ်သားအစုအဖွဲ့တွေနဲ့ အင်းသားကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက် ပြီးတော့ အညီအမျှခွဲပါဆိုပြီးတော့ အောက်ခြေမှာ လွှတ်တော်အမတ်တွေနဲ့ ငါးဦးစီးတွေနဲ့ ထွေ အုပ်တွေနဲ့ အကုန်လုံး ညှိနှိုင်းခိုင်းပါတယ်ခင်ဗျ၊ ကျွန်တော်တို့က လုပ်စားကွက်လေးပေးပါ လုပ်စားကွက် မပေးနိုင်ရင်လည်း ကျွန်တော်တို့ဒေသက အင်းကို နိုင်ငံတော် အခွန်ငွေဖြစ်တဲ့ ၂၁ သိန်းကို ကျွန်တော် တို့ဆောင်ပေးမယ် ကျွန်တော်တို့ုကို အင်းချပေးပါဆိုပြီး ကျွန်တော်တို့ တောင်းဆိုတယ်၊ ဒါပေမယ့်မရဘူး ၊ အင်းသားကြီးကို ဒီနေ့လုပ်ကိုင်ခွင့်ချပေးလိုက်တယ်၊ အဲ့ဒါက တရားမျှတမှုမရှိတဲ့အတွက်ကြောင့် တိုင်းဒေသကြီး အစိုးရထိလာရောက်ပြီး ကျွန်တော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်"
ဧရာဝတီတိုင်း ပန်းတနော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေမှာရှိတဲ့ အင်းငါးဖမ်း လုပ်ကွက်တွေရဲ့ လေလံဈေးဟာ အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိရှိပြီး ဒေသခံတွေ လုပ်ပိုင်ခွင့်ရ ရှိရေး တောင်းဆိုထားတဲ့ ငါးဖမ်းလုပ်ကွက်တွေကတော့ သိန်း သုံးဆယ်အောက်ရှိတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။
အဲဒီဒေသတွေက အင်းလုပ်ကွက်တွေကို အရင်နှစ်တွေကလည်း လုပ်ငန်းရှင်တွေပဲ လေလံအောင်ခဲ့ပြီး အမှန်တကယ် လုပ်ကိုင်တဲ့ ရေလုပ်သားတွေအနေနဲ့ လေလံအောင်တဲ့ လုပ်ငန်းရှင်ကို အမြတ်ပေးပြီး တဆင့်ခံ လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အင်းတွေကို လေလံတင်တဲ့ အချိန်မှာလည်း အောက်ခြေ ပြည်သူတွေကို အသိမပေးဘဲ လုပ်ငန်းရှင်တွေနဲ့ပဲ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။