ပုသိမ်မှာ PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံထားရ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ပြောပါတယ်။
အခု ဖမ်းဆီးခံရသူတွေဟာ ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပုသိမ်မြို့တစ်ဖက်ကမ်းက ဒေသခံသုံးဦးကို အောက်တိုဘာ ၁၄ ရက်မှာ စဖမ်းတာ။ အဲဘက်ကမ်းက အမှတ် (၁၀) ရပ်ကွက်ထဲမှာပါတယ်။ ဒေသအခေါ်ကတော့ ပိတောက် ချောင်းရွာလို့ သိကြတယ်။ အဲဒီရွာက ဒေသခံဖမ်းပြီး မြို့ပေါ်ကလူတွေလည်း ဖမ်းခံရ တယ်။ သူတို့ကို ဖမ်းတာ နယ်မြေခံရဲစခန်းတောင် အသိမပေးဘူး။ ပုသိမ်မြို့ တောင်ပေါ် စစ်ကြောရေးကို ခေါ်သွားတယ်”
အဲဒီဒေသခံတွေကို မဖမ်းဆီးခင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပုသိမ်မြို့ တစ်ဖက်ကမ်းမှာ နေထိုင်တဲ့ ကိုဖိုးလပြည့် ခေါ် ကိုစုဟာ ရန်ကုန်မြို့က ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေချိန် ဖမ်းဆီးခံခဲ့ရပြီး သူနဲ့အတူပါလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးလည်း အဖမ်းခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက် ဒီကနေ့အထိ ဖမ်းဆီးခံရသူတွေအထဲ ပုသိမ်မြို့ တစ်ဖက်ကမ်း ပိတောက်ချောင်းရွာက ဒေသခံ ခုနစ်ဦး၊ ပုသိမ်မြို့ပေါ်က ခြောက်ဦးပါဝင်ပြီး ကျန်ဖမ်းဆီး ခံရသူတွေကတော့ ဘယ်ရွာမှာ နေထိုင်သူတွေလဲဆိုတာ မသိရသေးဘူးလို့ ပုသိမ်မြို့ခံတွေ က ပြောပါတယ်။
ဖမ်းဆီးထားသူတွေဟာ ရန်ကုန်က စစ်ကြောရေးတစ်ခုမှာ ငါးဦးနဲ့ ပုသိမ်မြို့ တောင်ပေါ် စစ်ကြောရေးစခန်းမှာ ၃၀ နီးပါးအထိ ရှိနေပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ ပုသိမ် မြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။