ပုသိမ်မှာ ဆန္ဒပြသူတစ်ဦး အဖမ်းခံထားရ

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ခုနှစ်ရက် ရှိနေပြီဖြစ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက ဗိုလ်ချုပ်မွေးနေ့ ဂါရဝပြုမယ့် ဆန္ဒပြသူတွေထဲက တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး သွားပါတယ်။
ဗိုလ်ချုပ်မွေးနေ့ ဂါရဝပြုဖို့ စုဝေးနေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ဆန္ဒပြသူတွေထဲက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးကျော့မောင် ဆိုသူ အဖမ်းခံခဲ့ရတာပါ။
ရဲကို တောင်းပန်နေတဲ့အချိန်မှာ ဦးကျော့မောင် ဖမ်းဆီးခံရတာလို့ မျက်မြင်တွေ့ရှိခဲ့သူ ကိုမင်းမင်း က ပြောပါတယ်။
“ကျွန်တော်တို့က ဗိုလ်ချုပ်ကို အလေးပြုချင်တယ်ဆိုပြီး ခွင့်တောင်းတာ၊ ခွင့်တောင်းတော့ သူတို့က ဘာပြောလဲဆိုတော့ လူထုကြီးက ဒီကိစ္စကို ဒီလိုလုပ်ခဲ့မယ်ဆိုရင် သူတို့က နေပြီးတော့ ဥပဒေအရ ဆောင်ရွက်မယ်လို့ ပြောတယ်၊ ပြောပေမယ့် ကျွန်တော်တို့ ဘက်ကနေပြီးတော့ လူအင်အားက အများကြီး မရှိတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ က နောက်ဆုတ်တယ်။ ဆုတ်တဲ့အခါမှာ ကိုကျော့မောင် ဆိုတဲ့ ပါသွားတဲ့ လူက ဒါဆို ကျွန်တော်တို့ နောက်ဆုတ်တော့ နောက်ဆုတ်ပေးမယ်ဆိုပြီး ရဲကို ထိုင်ပြီးတော့ ကန်တော့တာ။ ရဲကို ထိုင်ပြီး ကန်တော့တဲ့အချိန်မှာပဲ သူတို့က ရဲအင်အားနဲ့ ဝင်လာပြီး ဖမ်းသွားတာ။ ကျွန်တော်တို့ဘက်က ပြည်သူတွေအနေနဲ့ လည်း ဘာမှ မလုပ်တတ်ဘူး။ လူအင်အားကလည်း ကျွန်တော် တို့ လက်ရှိအချိန်မှာ အများကြီး မရှိတဲ့အချိန်မှာ သူတို့ ဘက်က ဥပဒေအရ ဆောင်ရွက်မယ်။ ဥပဒေ အတိုင်း လူစုလူဝေး မလုပ်ပါနဲ့ ဆိုပြီးတော့ လာပြောတယ်။ သူတို့က အော်လံကြီးနဲ့ အော်တာပေါ့။ အော်ပြီးတော့ ကျွန်တော်တို့ကို ဒီလိုပဲ အနိုင်ကျင့်သွားတယ်။"
ဦးကျော့မောင်ကို ဖမ်းဆီးသွားတာ ပြန်လွှတ်ပေးဖို့အတွက် ဒေသခံတွေက ပုသိမ်မြို့မ ရဲစခန်းအနီးမှာ သွားရောက် စုဝေးခဲ့ကြပေမယ့်လည်း ထိန်းသိမ်းထားတဲ့နေရာ အတိအကျ မသိရလို့ ဒေသခံတွေလည်း လူစုခွဲခဲ့ကြပါတယ်။
ဦးကျော့မောင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ပုသိမ်မြို့မှာ ဦးကျော့မောင် အပါအဝင် ဖမ်းဆီးခံရသူ လေးဦး ရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုဝင်တွေက မသိရှိရသေး ပါဘူး။