ပုသိမ်ထောင်တွင်း ပစ်ခတ်မှု အကျဉ်းသားလေးဦး ဒဏ်ရာရ

RFA Burmese
2023.01.06
ပုသိမ်ထောင်တွင်း ပစ်ခတ်မှု အကျဉ်းသားလေးဦး ဒဏ်ရာရ ပုသိမ်အကျဉ်းထောင်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၆ ရက် ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ သေနတ်ပစ်ဖောက်သံ ခုနစ်ချက်ကြားရပြီးနောက် အကျဉ်းသားလေးဦး သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ အကျဉ်းသားလေးဦးဟာ နိုင်ငံရေးအကျဉ်းသားတွေလား၊ ရိုးရိုး ပြစ်ဒဏ်ကျ အကျဉ်းသားတွေလားဆိုတာ အတည်ပြုလို့ မရသေးပါဘူး။

အခုလို ထောင်တွင်းဆူပူမှုဖြစ်ရပ်မှာ ထောင်ဝင်စာလာတွေ့သူ သုံးဦးကိုလည်း စစ်ကောင်စီ ဘက်က ဖမ်းဆီးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်ထောင်နဲ့ နီးစပ်သူ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်ကိုးနာရီ ဝန်းကျင်လောက်ပေါ့။ ခုနစ်ချက်ပစ်တယ်ဆိုတာကတော့ သေချာတယ်။ အဲဒီမှာ ထောင်ဝင်စာလာ တွေ့တဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းတယ်လို့ ကြားတယ်”

ဒီနေ့ နေ့လယ်သုံးနာရီဝန်းကျင်မှာ လူနာတင်ယာဉ်တစ်စီး အကျဉ်းထောင်ထဲကို ဝင်ရောက် သွားပြီး ထောင်ပတ်ဝန်းကျင်မှာလည်း စစ်တပ်က လုံခြုံရေးယူထားတယ်လို့ မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဒီထောင်တွင်း ဆူပူမှုဟာ ဇန်နဝါရီလ ၅ ရက်နေ့ မနေ့ညကတည်းက ဖုန်းပြောဆိုခွင့်မရ တဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား စကားများကြရာက စတင်ခဲ့တာလို့ ပုသိမ်ထောင်နဲ့ နီးစပ်မှုရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

အခုလို အကျဉ်းထောင် ဆူပူမှုဖြစ်ပွားပြီးနောက် ထောင်ဝင်စာကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လျှော့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။