ရိုဟင်ဂျာ သုံးနှုန်းမှုအတွက် အမေရိကန် ကို ပုသိမ်မှာ ကန့်ကွက်
2016.05.18

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတာကြောင့် အမေရိကန်သံရုံးက ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က ပုသိမ်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ မပါတဲ့ ရိုဟင်ဂျာ လူမျိုးဆိုတဲ့အသုံးအနှုန်းကို အမေရိကန်သံရုံးအနေ နဲ့ နောက်နောင်မသုံးဖို့ အစိုးရအနေနဲ့ တားမြစ်ပေးသင့်တယ်လို့ ဧရာဝတီတိုင်းအမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ က ကိုဝေယံအောင် က ပြောပါတယ်။
"မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာမပါတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို သူတို့ဘက်က နောက်နောင်မသုံးဖို့ကို မြန်မာနိုင်ငံတော်အစိုးရက အမေရိကန်သံရုံးကို တားပေးဖို့အတွက် ကျနော်တို့ကလုပ်တာပါ"
ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တာကြောင့် သေဆုံးသွားသူ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ဧရာဝတီတိုင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့အပြင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ သံဃာတွေ စုစုပေါင်း တစ်ထောင်လောက်က ပုသိမ်မြို့ ရွှေမုဌောဘုရားမြောက်ဘက်မုဒ်က စပြီး မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အလားတူ ဆန္ဒပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့ပြီး မြန်မာတိုင်းရင်းသား မျိုးနွယ်စုထဲမှာ ရိုဟင်ဂျာ မပါဝင်ကြောင်း အစိုးရအနေနဲ့ တရားဝင်စာ မထုတ်ပြန်မချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောကြပါတယ်။