နိုင်ငံပိုင်လုပ်ငန်းတွေက ရရှိငွေ အစိုးရ ငွေစာရင်းထဲ မရောက်


2016.01.29
patrick-heller-nrgi-620.jpg NRGI အဖွဲ့ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် စီးပွားရေးရာ ဥပဒေကျွမ်းကျင်ပညာရှင် Patrick Heller ကို တွေ့ရစဉ်
Photo: Natural Resource Governance Institute

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ရရှိတဲ့ ငွေကြေးတွေကို ပြည်ထောင်စုအစိုးရငွေစာရင်းထဲကို မထည့်ဘဲ သီးသန့်စာရင်းဖွင့်ထားတဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ ၁. ၆ ဘီလီယံကျော် ရှိတယ်လို့ အမေရိကန်အခြေစိုက် Natural Resource Governance Institute (NRGI) ခေါ် သဘာဝသယံဇာတ ထိန်းသိမ်းစီမံရေးအဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့ Jasmine Palace Hotel မှာ NRGI အဖွဲ့ရဲ့ အစိုးရပိုင် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူးဖေါ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ NRGI အဖွဲ့ရဲ့ သုတေသနအဖွဲ့ ခေါင်းဆောင် စီးပွားရေးရာ ဥပဒေကျွမ်းကျင်ပညာရှင် Patrick Heller ကပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အဖွဲ့ရဲ့ သီးသန့်ငွေကြေးပမာဏ အစိုးရကတစ်နိုင်ငံလုံးအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုခဲ့တဲ့ငွေကြေးပမာဏထက် ပိုများနေတာဖြစ်ပါတယ်။ ဒါဟာ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေအပေါ်များစွာ သက်ရောက်မှုရှိနေတာ ဖြစ်တယ်လို့ Mr Heller ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးအခွန်ငွေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအထိ အခွန်ဆောင် ထားကြပေမဲ့ ပြန်လည်ထုတ်ယူသုံးစွဲတာဟာ ၁၅ ရာခိုင်နှုန်းအထိရှိနေသလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းမဟုတ်တဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီဟာ အစိုးရပိုင်လုပ်ငန်းတွေလို့ သီးသန့်အခွင့်အရေး တွေရနေတယ်လို့ လည်း ပြောပါတယ်။

အမေရိကန်အခြေစိုက် Natural Resource Governance Institute (NRGI) အဖွဲ့ဟာ ကမ္ဘာနိုင်ငံအသီးသီးရဲ့ သဘာဝသယံဇာတ ထုတ်လုပ်မှုတွေကို စောင့်ကြည့်လေ့လာ သုတေသနပြုလုပ်တဲ့အဖွဲ့ဖြစ်သလို၊ အစိုးရတွေရဲ့ မူဝါဒဆိုင်ရာတွေကို အကြံပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။